ယူနက်စကိုနဲ့သာ စကားပြောပါ
“မြန်မာမှန်လျှင် ပုဂံရောက်ဖူးရမည်” ဟုဆိုသည့်အတိုင်း ပုဂံနှင့်မြန်မာ မြန်မာနှင့်ပုဂံဟာ ခွဲမရပါဘူး။ ပုဂံမြို့ဟောင်းရှိနေသ၍ မြန်မာ့ ယဉ်ကျေးမှု ရှိနေသလို မြန်မာလူမျိုးရှိနေသမျှလည်း ပုဂံရှိစေတီ၊ ပုထိုးများကို ပြုပြင် ထိန်းသိမ်းနေမှာ အမှန်ပင်ဖြစ်ပါသည်။ မြန်မာ့ယဉ်ကျေးမှု တစ်ခုလုံး ၏ ပြယုဂ်။ နောက်တစ်နည်းဆိုရလျှင် မြန်မာ့ဗိသုကာ၏ အသက်ဝိညာဉ် ခိုအောင်းရာ နေရာဟုလည်း ဆိုနိုင် ပါသည်။ များပြား လှသော စေတီ၊ ပုထိုးများနှင့် ပုဂံဒေသခံများ၏ ရိုးသားဖြူစင်သော အပြုံးများက ပုဂံသို့ လာရောက်လည်ပတ်သော ဘုရားဖူးများ၏ ရင်ထဲ၀ယ် ကြည်နူးပီတိ ဖြစ်မှု နှင့်အတူ ရှေးခေတ် ပုဂံပြည်ကို ပြန်ပြောင်း အောက်မေ့ သတိရစေပါ သည်။ ထိုသို့ ရှေးခေတ် ပုဂံပြည်၏ သာယာပုံကို အမျိုးသားကဗျာ ဆရာကြီး ဆရာဇော်ဂျီ၏ ရှေးခေတ်ပုဂံပြည်ကဗျာ (ဂန္ထလောက၊မေ၊၁၉၃၆) တွင်
“စေတီနှင့် တန်ဆောင်း
ဆည်မြောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံပြည်တကြောမှာ
ပေါချင်တိုင်း ပေါတဲ့ပြင်
၀ပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့” ဟူ၍ စပ်ဆိုခဲ့ပါသည်။
ပုဂံမြို့ဟောင်းသည် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ဧရာ၀တီ မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ပုဂံ ဟူသော ဝေါဟာရသည် များသောအားဖြင့် ပျူဂါမမှ ပုဂါမ်၊ ပုဂါမ်မှ ပုဂံ ဖြစ်လာခဲ့ သည်ဟု ဖော်ပြလေ့ရှိပါသည်။ ရှေးပုဂံခေတ် ကျောက်စာများတွင်မူ “ပုကံ” ဟူ၍သာ ပြောင်းလဲခေါ်ဝေါ်လာခဲ့သည်။ ပုဂံရှိ စေတီပုထိုး များ၏ အရေအတွက်ကို အလွယ်တကူမှတ်သားနိုင်ရန် ရှေးခေတ်မြန်မာများက “လှည်း၀င်ရိုးသံ တညံညံ၊ပုဂံဘုရားပေါင်း” ဟုမှတ်သားခဲ့ကြပါသည်။ သံပေါက်၏ စပ်ထုံး သည် “အစ လေးလုံး၊ အလယ်သုံး၊ အဆုံးငါး-ခုနှစ်” ဖြစ်သဖြင့် အစ လေးလုံးကိုသာ ကောက်ယူရသောကြောင့် ပုဂံဘုရား အရေအတွက် သည် (၄၄၄၆) ဆူရှိခဲ့ကြောင်း ယူဆခဲ့ပါသည်။ အင်းဝခေတ်၊ မိုးညှင်းမင်း လက်ထက်တွင်မူ ပုဂံဘုရားအရေအတွက်ကို “၀င်း၀င်းထိန်လျှံ ပုဂံဘုရား ပေါင်း” ဟုဆိုခဲ့သဖြင့် (၄၄၇၄)ဆူ ဟုဆိုခဲ့ကြပြန်သည်။ ရှေးဟောင်း သုတေသနဦးစီးဌာနက ပုဂံရှိစေတီပုထိုးများ မှတ်ပုံတင်ရာတွင် (၂၂၁၇) ဆူ ကိုသာတွေ့ရှိခဲ့သဖြင့် “ကျောင်းကြီးအုတ်နီ” ဟု အမှတ်အသား ပြုခဲ့ပါ သည်။
ပုဂံရှိစေတီပုထိုး ဗိသုကာလက်ရာများသည် အနော်ရထာမင်း လက်ထက် မှစ၍ ဖွံ့ဖြိုးလာခဲ့သည်။ ပုဂံတွင် မင်းဆက်ပေါင်း (၅၅) ဆက် ရှိသည့် အနက် အနော်ရထာမင်းမှာ (၄၂) ဆက်မြောက်မင်း ဖြစ်ပါသည်။ ထိုကာလ တွင် ပုဂံရှိတိုင်းသူပြည်သား အားလုံးတို့၏ စည်းလုံးမှုအင်အား အကောင်း ဆုံး ဟုဆိုနိုင်ပါသည်။ အနော်ရထာမင်း၏ နန်းတက် သက္ကရာဇ် ကို မှန်နန်း ရာဇ၀င်၌ (၃၇၉) ခုနှစ်ဟုဆို၍ ဦးကုလားမဟာရာဇ၀င်၌ (၃၄၆)ခုနှစ် ဟုဆိုပါသည်။ ဇာတာတော်ရာဇ၀င်နှင့် ကျောက်စာများတွင်မူ (၄၁၆) ခုနှစ် ဟုတွေ့ရပါသည်။ အနော်ရထာမင်းနန်းတက်သည့် ကာလ၌ ပုဂံပြည်တွင် အရည်းကြီး အယူဝါဒကိုသာ ကိုးကွယ်ကြပါသည်။ အရှင်အရဟံ၏ ကြိုးစားအားထုတ် မှုကြောင့် ဗုဒ္ဓသာသနာ ပုဂံပြည် သို့ရောက်လာကာ ပုဂံပြည်သူတွေ၏ သဒ္ဓါတရား ကောင်းမှု တို့ကြောင့် ကျောင်းကန်၊ စေတီ၊ ပုထိုး ဗိသုကာလက်ရာများ အများအပြား ပေါ်ပေါက် လာခဲ့ပါသည်။
အနော်ရထာမင်း၏ စည်းရုံးမှုစွမ်းအားနှင့် အရှင်အရဟံအမှူးပြုသော ထေရဝါဒ ဗုဒ္ဓသာသနာ ရောက်ရှိလာမှု ပေါင်းစပ်လိုက်သောအခါ နိုင်ငံဖွံ့ဖြိုးမှု သည် ထူးထူးခြားခြားကြီးကျယ် လာခဲ့ပါသည်။ ရှေးခေတ် ပုဂံပြည် ၏မြို့ပြတည်ဆောက်မှုကို လေ့လာကြည့်လျှင် ပုဂံမြို့တွင်းလမ်း နှင့် မြို့ပြင်လမ်းဟူ၍ ဖောက်လုပ်ထားသည် ကိုတွေ့ရပါသည်။ မြို့တွင်း လမ်းများမှာ စတုရန်းကွက်၊ စတုဂံကွက်များဖြစ်နိုင်ပြီး မြို့ပြင် လမ်းများကို မူ အလျဉ်းသင့်သလိုသာ ဖောက်လုပ်ထားဖွယ် ရှိပါသည်။ ကျန်လမ်းများမှာ သဲလမ်း၊ မြေလမ်းများသာဖြစ်နိုင်၍ နှစ်ကာလ ကြာညောင်း လာသောအခါ ပျောက်ပျက်ကုန်ပြီဟု မှန်းဆနိုင်ပါသည်။ ပုဂံရှိ စေတီပုထိုးများ၏ ဗိသုကာ လက်ရာများမှာ တပြိုင်နက်တည်း ပေါ်ပေါက်လာသည်မဟုတ်ပါ။ ဗိသုကာ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက် လာ၍ သာဖြစ်ပါသည်။ ထိုသို့ စေတီ၊ ပုထိုး များ၏ ဗိသုကာအဆောက်အအုံ များ အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာ၍ သာဖြစ်ပါသည်။
ထိုသို့စေတီ၊ ပုထိုးများ၏ ဗိသုကာအဆောက်အအုံများ ဖွံ့ဖြိုးမှု အဆင့်ဆင့်ကို ရန်ကုန်စက်မှုတက္ကသိုလ်၊ ဗိသုကာဌာန၊ ဒု-ပါမောက္ခချုပ် အဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော ဆရာကြီး ဒေါက်တာလွင်အောင်က ဤသို့ သုံးသပ် တင်ပြပါသည်။
(၁) လောကနန္ဒာအစု၊ မြင်းကပါအစု၊ ရွှေဆံတော်အစု၊ ရွှေစည်းခုံ စေတီတော်နှင့် ညောင်ဦးမြို့၊ ကျောက်ဂူဥမင် တစ်ပိုင်သည် ပုဂံမြို့၏ ပထမ ရုပ်ပိုင်းဖွံ့ဖြိုးမှုဖြစ်ခဲ့ပေ၏။
(၂) ဒုတိယအဆင့်ဖွံ့ဖြိုးမှုတွင် အာနန္ဒာပုထိုးတော်ကြီး၊ ၀က်ကြီးအင်းအစု၊ နဂါးရုံလိုဏ်၊ အပယ်ရတနာလိုဏ်၊ မြင်းကပါ ဂူပြောက်ကြီး၊ အလိုပြည့်ဂူ စသည့် အဆောက်အအုံကြီးများနှင့် ပုဂံမြို့ရိုး ကျုံးနှင့်ကပ် လျက် မြို့အရှေ့ တောင်အုပ်စု တို့ ပါ၀င်ကြပေသည်။
(၃) အလောင်းစည်သူမင်းလက်ထက်တွင် သဗ္ဗညုပုထိုး တော်ကြီး ပေါ်ပေါက်လာခဲ့ပြီး ဧရာ၀တီမြစ်ကမ်းမှလေး ငါးကီလိုမီတာဝေးရာ၌ ကန်ရေ၊ တွင်းရေ တို့ကိုမှီ၍ သာသနိက အဆောက်အအုံများ ပေါ်ထွန်း လာ၏။ ဤအကြိမ် ပုဂံမြို့တော်၏ ရုပ်ပိုင်းဖွံ့ဖြိုးမှုသည် တတိယ အဆင့် ဖြစ်ပေသည်။
(၄) စတုတ္ထပုဂံမြို့တော် ဖွံ့ဖြိုးတိုးတက် လာသည့်အဆင့်တွင် ဓမ္မရံ ကြီး၊ စူဠာမဏိ၊ ကန်တော့ပလ္လင်၊ ထီးလိုမင်းလိုဂူ၊ မင်္ဂလာစေတီနှင့် ဓမ္မရာဇိက စေတီတော် တို့ပါ၀င်ကြ၏။ ယနေ့တိုင် အကြွင်းအကျန် မြင်နိုင် သေးသော အဆင့် ဖြစ်ပေသည်။ ဤမဟာပုထိုးတော်ကြီးများနှင့် တကွ များလှစွာ သော စေတီ၊ ဂူ၊ ကျောင်း၊ သိမ်၊ ဇရပ်အဆောက်အအုံတို့ ပေါ်ပေါက် ခဲ့ပေသည်။
ပုဂံမြို့ဟောင်း
ထိုသို့များပြားလှသော စေတီပုထိုးများကို တည်ဆောက်သည့် ဆောက်လုပ် ရေးပစ္စည်း များမှာလည်း အထူးစိတ်၀င်စားစရာဖြစ်ပါသည်။ ထိုစေတီပုထိုး များကို တည်ဆောက်ရာတွင် အုတ်ကိုသာအဓိကအသုံးပြု၍ သဘာဝ ကျောက်ကို သုံးသော အဆောက်အအုံမှာ အနည်းငယ်သာရှိသည်။ ကျန်စစ်သားမင်း လက်ထက်က တည်ဆောက်သည်ဟု သတ်မှတ် ထားသောနန်းဘုရားကိုမူ သဲ ကျောက်များကို ပါးလွှာစွာလှီး၍အတွင်း၌ အုတ်နံရံများကပ်၍အလှဖော်ထားပါသည်။ နဂါးရုံဘုရားတွင်မူ သစ်သားနှင့် အုတ်များကို ပူးတွဲ တည်ဆောက်ထားပါသည်။ သရိုးကိုင်ခြင်းကိုမူ ဗိသုကာ ပညာအကြောင်း ရေးသားထားသော မြန်မာကျမ်းများတွင် ဥသျှစ်၊ စစွေး၊ ကျွဲ ကော်တို့နှင့်ဖော်စပ်ရသည်ဟု ဆိုသော်လည်း လက်တွေ့ လေ့လာသည့် အခါ ထုံး၊ မြေနီမှုန့်နှင့် သဲတို့ရောစပ်ထားခြင်း သာ ဖြစ်ပါ သည်။ ပုဂံခေတ် လက်ရာများတွင် သံချောင်းများကိုလည်း ရံဖန်ရံခါ အသုံးပြုကြောင်း တွေ့ရှိရပါသည်။
ပုဂံရှိ ရှေးဟောင်းစေတီ၊ ပုထိုးများ၏ ဗိသုကာ လက်ရာ များကိုလေ့လာ နိုင်ရန် နည်းပညာတက္ကသိုလ်အသီးသီးရှိ တတိယနှစ်ဗိသုကာ အထူးပြု ကျောင်းသား/ကျောင်းသူများသည် နှစ်စဉ်နှစ်တိုင်း Measure Drawing အဖြစ်သွားရောက်တိုင်းတာကြပါသည်။ စာရေးသူ ဆရာအဖြစ်လုပ်ခဲ့စဉ်က ဌာနမှူး၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ အယောက်(၉၀)ကျော်တို့ နှင့်အတူ ပုဂံသို့ ဗိသုကာတိုင်းတာရေး ခရီးထွက်ခဲ့ပါသည်။ ပုဂံမြို့ဟောင်း၊ ရွှေစည်းခုံ စေတီအနီးရှိ အလိုတော်ပြည့် ဘုန်းကြီးကျောင်းတွင်တည်းခို၍ “ရွှေလိပ်တူးဘုရား” ကိုတိုင်းတာခွင့်ရခဲ့ပါသည်။ နံနက်ပိုင်းမှသည် ညနေ ထိ ဘုရားကို တိုင်းတာကာ တစ်နေ့လုံးတိုင်းတာသမျှကို ညလုံးပေါက် မနားမနေ ကျောင်းသား/ကျောင်းသူများဆွဲရပါသည်။ တိုင်းတာရတာ ပင်ပန်းသော်လည်း ဗိသုကာကို ဝါသနာပါကြသူတွေ ဖြစ်သည့် အားလျော် စွာ ပျော်ရွှင်စွာနှင့် အချင်းချင်းစနောက်ကာ မညည်းမညူ ဆွဲခဲ့ကြပါသည်။
Measure Drawing (တတိယနှစ် ဗိသုကာ ကျောင်းသား/ ကျောင်းသူများ၊ အောက်တိုဘာ၊ ၂၀၁၅)
ထုထည်ကြီးမားသောနံရံများ၊ ပေါင်းကူးများ၊ ဗုဒ္ဓ၀င်ရုပ်လုံးရုပ်ကြွပုံများနှင့် နံရံဆေးရေး ပန်းချီများမှာ ကျောင်းသား/ကျောင်းသူတွေအတွက် အံ့သြ မဆုံးဖြစ်လို့နေပါသည်။ တခါတရံတိုင်းတာရင်း မိုးချုပ်သွားသော ရက်များ လည်းရှိပါသည်။ ဘုရားမှ ဘုန်းကြီးကျောင်းသို့ ပြန်လာရာတွင် နိုင်ငံခြား ၀င်ငွေ အများဆုံးရရှိပြီး ကမ္ဘာလှည့်ခရီးသည် အများအပြား ၀င်ရောက် သော ပုဂံရှေးဟောင်းမြို့မှာ လမ်းဘေးမီးတိုင် များမရှိဘဲ တစ်လမ်းလုံး မှောင်မဲလျက် ရှိသည်ကိုတွေ့ရပါသည်။ ပုဂံမြို့သူမြို့သား များသည် ရိုးသား၍ စာရိတ္တကောင်းသည်မှာ အထူး ပြောစရာ မလိုသော် လည်း “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ဆိုသလို မှောင်မိုက် မှုကို အခွင့်အရေးယူကာ စောင့်ကြည့်နေသော မသမာသူတွေလည်း ရှိနေနိုင်ပါ သည်။ ထို့ကြောင့် တာ၀န်ရှိသူများက သတိပြု၍ လမ်းဘေး မီးတိုင် များကို တပ်ဆင်သင့်ပါသည်။
ခမ်းနားထည်ဝါစွာတည်ရှိ၍ ထုထည်ကြီးမားသော စေတီ၊ ပုထိုးများ ပင်လျှင် သင်္ခါရသဘောအရ သဘာဝ ဘေးဒဏ် ဖြစ်သော ငလျင်ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပါသည်။ ၁၉၇၅ ခုနှစ်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ် ကြောင့် စေတီပုထိုး အများအပြား ပျက်စီးခဲ့ရပြီ ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့တွင် ချောက်မြို့ အနောက်ဘက် (၁၂) မိုင်ခန့် အကွာကိုဗဟိုပြု၍ အားရစ်ခ်ျတာစကေး (၆.၈) အဆင့်ရှိ ငလျင် လှုပ်ခတ် မှုကြောင့် ပုဂံရှိစေတီပုထိုးပေါင်း (၁၈၀) ကျော် ထိခိုက်ပျက်စီး ခဲ့ရပါသည်။
ထိုသို့ပျက်စီးသွားသော စေတီပုထိုးများကို ပြန်လည်ပြုပြင်ရန် လိုအပ် သည်မှာ အမှန်ပင် ဖြစ်ပါသည်။ ထိုသို့ပြုပြင် ထိန်းသိမ်းရာတွင် တန်ဖိုး မဖြတ်နိုင်သော ရှေးဟောင်းစေတီပုထိုးများဖြစ်သည်ဆိုတာကို အထူး သတိပြု ရမှာဖြစ်ပါသည်။ ပြုပြင်ထိန်းသိမ်းသည်ဆိုသည်မှာ ရှေးမူမပျက် ပြန်လည်ထိန်းသိမ်းခြင်းကို ဆိုလိုပါသည်။ ယခင်အစိုးရ အဆက်ဆက်တွင် ပြုပြင်ထိန်းသိမ်းသည်ဟု ခေါင်းစဉ်တပ်ကာ ယခုခေတ် ဆောက်လုပ်ရေး ပစ္စည်းများသုံး၍ နဂိုစေတီကိုဖျက်၍ အသစ်နီးပါး တည်ဆောက် ကြသည် ကို တွေ့ရပါသည်။ တလောက ပုဂံရှိ စေတီ ပုထိုးများ အတွင်းရှိ နံရံဆေး ရေးပန်းချီများကို ထိန်းသိမ်းသည် ဟုဆိုကာ ထုံးသုတ်သည့် ဖြစ်စဉ်တစ်ခု ကြားမိပါသည်။ ယူနက်စကိုမှ တာ၀န် ရှိသူများ အချိန်မီ ၀င်ရောက် တားဆီးနိုင်ခဲ့၍သာ ပျက်စီးမှု ဘေးမှကင်းဝေး ခဲ့ရပါသည်။ နိုင်ငံတော် ၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ပုဂံဘုရားများကို အလျင်စလို မပြုပြင်သင့်ဘဲ ယူနက်စကို၏ အကူအညီကိုယူကာ ပြုပြင် ထိန်းသိမ်းသင့်ကြောင်း ဆိုခဲ့သည့်အတွက် ၀မ်းသာ ကြိုဆို မိပါသည်။
ထို့ကြောင့် ယူနက်စကိုမှ ပညာရှင်များနှင့် ပြည်တွင်းရှိ ဗိသုကာပညာရှင် များ ပူးပေါင်းကာ ပျက်စီးသွားသော ပုဂံဘုရားများကို ရှေးမူမပျက် ထိန်းသိမ်းပြုပြင်ခြင်းဖြင့် မြန်မာ့ဗိသုကာဝိညာဉ်နှင့် မြန်မာ့ယဉ်ကျေးမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်း ဆန္ဒပြု ရေးသားလိုက်ပါ သည်။
Live Life Magazine Issue 26
ကိုးကား
ဒေါက်တာလွင်အောင် - “ဗိသုကာ့ လက်ရာ”
ဒေါက်တာကျော်လတ် " ဗိသုကာ နှင့် အနုပညာ သမိုင်း နှင့်အတွေးအခေါ်"
Comments
Post a Comment