ဘီစီအစောပိုင်း ခေတ်ပြိုင်ယဉ်ကျေးမှုများကို ရှာဖွေတွေ့ရှိခြင်း
ဗိသုကာသမိုင်းလို့ ဆိုလိုက်လျှင် တစ်ထောင့်တစ်ည ပုံပြင်ပမာ။ ဗိသုကာ လေ့လာလိုက်စားတွေ အတွက် ခေါင်းအုံးအိပ်နိုင်တဲ့ သမိုင်းစာအုပ် အထူ ကြီးတွေကို ပြေးမြင်မိမှာပါ။ မြန်မာဘာသာပြန် စုစည်း ရေးထားတဲ့ စာအုပ် တွေလည်း ရှိပါတယ်။ ဆရာကြီး ဒေါက်တာကျော်လတ်ရဲ့ “ဗိသုကာ နှင့် အနုပညာ သမိုင်း နှင့် အတွေးအခေါ်" စာအုပ်ဟာ စာရေးသူရဲ့ အသည်းစွဲ စာအုပ်ဖြစ်ခဲ့ပါတယ်။ မိမိသိလိုသမျှများကို ပြန်လည် ဝေမျှ လိုတဲ့ဆန္ဒ ကြောင့် ဗိသုကာ သမိုင်းအကျဉ်းကို ရေးဖို့ စိတ်ကူးမိပါတယ်။ ယခု ဆောင်းပါး ဟာ ဗိသုကာစာရေးဆရာကြီး ဖရန့်စစ် ဒီကေချင်း ( Francis D.K Ching) ရဲ့ "ဗိသုကာမိတ်ဆက် ( Introduction to Architecture)" စာအုပ်ထဲရှိ အခန်း (၂) ဗိသုကာစတင်ခြင်း အခန်းကို မှီးငြမ်းရေးထားပါ တယ်။
ဗိသုကာသမိုင်းက လူသားယဉ်ကျေးမှုနဲ့ အတူ တစ်ချိန်တည်း ပေါ်ပေါက် လာတဲ့ ပညာရပ်တစ်ရပ်ဖြစ်ပါတယ်။ လူသားတွေရဲ့ လိုအပ်ချက်နဲ့ လိုချင်မှု (Need & Want) အပေါ် အခြေခံကာ တဖြည်းဖြည်း ဆင့်ကဲတိုးတက် လာတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ ဘီစီ (၁၂၀၀၀) မှ စတင်ကာ လူသား တွေဟာ အာဖရိကမှ တဆင့် အနောက်အာရှ၊ ဥရောပ၊ တောင်နဲ့ အရှေ့ အာရှ၊ သြစတြေးလျ၊ မြောက်အမေရိကတိုက် မှသည် တောင်အမေရိက အနောက်ကမ်းရိုးတန်းဒေသအထိ ပြန့်နှံ့ အခြေချ နေထိုင်ခဲ့ကြပါတယ်။ တဖြည်းဖြည်း စုစည်းမိလာကာ ကျောက်ဂူတွေနဲ့ မြစ်ချောင်းများ ဘေးမှာ ရွာငယ်လေးတွေ အဖြစ် တည်ထောင်လာကြပြီး လက်ယာစိုက်ပျိုရေး နဲ့ အမဲလိုက်ခြင်း အလုပ်ကို လုပ်ကိုင်ပါတယ်။ နေထိုင်ဖို့အတွက် အိမ်ဆောက် လုပ်ရာမှာ ရွံ့အုတ်၊ အမိုး မိုးရာ တွင် ကူပင်၊ ရေနံစေး ကို မံတဲ့နေရာ အသုံး ပြုကာ အုတ်မြစ်အတွက် ကျောက်တုံးများကို အသုံးပြုတည်ဆောက် ပါတယ်။ လူ့ယဉ်ကျေးမှုတွေ အားလုံး တပြေးညီ ထိုသို့ တိုးတက် လာခြင်း တော့မဟုတ်ပေ။ တချို့ အဖွဲ့အစည်းတွေက ဒီထက်ပိုပြီး လက်တွေ့ဆန် တိုးတက်ပါတယ်။ ရှေးခေတ်လူသားတွေဟာ အနုပညာနဲ့ ဝေးခဲ့သူတွေ မဟုတ်ပါဘူး။ ကျောက်ခေတ်ဟောင်း (Paleolithic) ကာလ လူသား မျိုးနွယ်တွေက လွန်ခဲ့တဲ့ ဘီစီ (၃၀၀၀၀) ကတည်းက စပိန်နဲ့ ပြင်သစ် အနောက် တောင်ပိုင်းရှိ ကျောက်ဂူ နံရံနဲ့ မျက်နှာကြက် တွေပေါ်မှာ တိရစ္ဆာန် ပုံများ ရေးဆွဲခဲ့ပါတယ်။ လွန်ခဲ့သော ဘီစီ (၄၀၀၀၀) လောက်က Ubirr ရှိ ကျောက်တုံးပေါ်မှာ ရေးဆွဲထားတဲ့ နံရံဆေးရေး ပန်းချီဟာ ကမ္ဘာပေါ်ရှိ အရှည်ကြာဆုံး အနုပညာယဉ်ကျေးမှု တစ်ခုအဖြစ် အသိအမှတ်ပြု ကြပါတယ်။
Ubirr ရှိ နံရံဆေးရေး ပန်းချီ
ဘီစီတတိယထောင်စုနှစ် စတင်လာတဲ့ အခါမှာတော့ ကမ္ဘာပေါ်ရှိ အထင်ကရ မြစ်များဘေးမှာ လူယဉ်ကျေးမှုများ အလျင်အမြန် ပေါ်ပေါက် လာပါတယ်။ အဓိကယဉ်ကျေးမှုကြီး (၅) ခုဖြစ်တဲ့ တရုတ်၊ အီဂျစ်၊ မတ်ဆိုပိုတေးနီးယား၊ မာဂျီယားနား နဲ့ အင်ဒူ ယဉ်ကျေးမှုတွေ အစီအရီ တိုးတက်ပေါ်ပေါက် လာပါတယ်။ အီဂျစ်တွေဟာ အင်အားကောင်းမွန်လှ တဲ့ ပြင်ပကူးလွန်မှုဒဏ်ကို ခံခဲ့ရပါတယ်။ ထိုအပြင် ဘာသာကိုးကွယ် ယုံကြည်မှုလည်း တိုးတက်ခဲ့ပါတယ်။ ပြည်သူလူထုဟာ စိုက်ပျိုးရေးကို အခြေခံကာ ဖာရိုဘုရင်ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေထဲ အတင်း အကျပ် ချွေးတပ်ဆွဲ ခိုင်းစေခြင်း ခံခဲ့ရပါတယ်။ ဖာရိုဘုရင် Zoser လက်ထက်မှာတော့ ဘုရားကျောင်းတွေ ဆောက်လုပ်ရာတွင် ကျောက်တုံး များဖြင့် ကမ္ဘာပေါ်မှာ ရှေးကမရှိခဲ့ဖူးတဲ့ အရွယ်အစားနဲ့ တည်ဆောက် ခဲ့ကြပါတယ်။ အီဂျစ်တွေဟာ နက္ခက်ဗေဒပညာရပ်မှာ ထူးချွန် လေ့ ရှိကြပါတယ်။ အီဂျစ်တွေဟာ ပြင်ပကူးသန်းဆက်သွယ်မှု အားနည်း တာကြောင့် သူတို့ဟာ ဗိသုကာနဲ့ ပတ်သက်ပြီး အမြင်မကျယ်ခဲ့ပါဘူး။ ငြီးငွေ့စရာ တြိဂံပုံ ပရိမစ် တွေကိုသာ များသောအားဖြင့် မပြောင်းမလဲ တည်ဆောက်ခဲ့တာ တွေ့ရပါတယ်။ တပြိုင်တည်းမှာ တိုးတက်နေတဲ့ မက်ဆိုပိုတေးနီးယား ယဉ်ကျေးမှုကတော့ ထိုသို့မဟုတ်။ မြို့တွေဟာ နတ်ဘုရားများကို ရည်ညွှန်းကာ ဘာသာရေးဟာ နိုင်ငံရေးရဲ့ တစိတ် တဒေသ ဖြစ်ခဲ့ပါတယ်။ ဆည်းမြောင်းတာတမံများ တည်ဆောက်ကာ အသိပညာကို မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းမျှဝေ လေ့ရှိပါတယ်။ ဘုရားကျောင်းများကို လူလုပ်တောင်ကုန်းများပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ ဆောက်လုပ်လေ့ ရှိပြီး အီဂျစ်နဲ့ မတူတဲ့ တစ်ခုကတော့ မက်ဆိုပိုတေး နီးယားရဲ့ ဆည်မြောင်းစနစ်ဟာ ပိုပြီးထိန်းသိမ်းရ ခက်ခဲတာကို တွေ့ရပါ တယ်။
လူယဉ်ကျေးမှုဟာ စဉ်ဆက်မပျက် ဆိုသလိုပင် အင်ဒူမြစ်ဝှမ်းဒေသ ယဉ်ကျေးမှုသည်လည်း ပေါ်ပေါက်လာခဲ့ပါတယ်။ မိုဟန်ဂျိုဒါရို (Mohenjo-Daro) မြို့ပြယဉ်ကျေးမှု ဟာ အဆင့်မြင့် မြို့ပြယဉ်ကျေးမှု တစ်ခု ဖြစ်ခဲ့ ပါတယ်။ ရေမြောင်းစနစ် တိုးတက်ခဲ့ပြီး မြို့အလယ်မှာ ပရိမစ် ကြီးတွေ ဆောက်ဖို့ထက် လူတွေ စုပေါင်း ရေချိုးနိုင်တဲ့ ရေချိုးခန်းတွေ ဆောက်ခဲ့ပါ တယ်။ ပြည်သူလူထုဟာ မက်ဆိုပိုတေးနီးယားဒေသ နဲ့ ကုန်ကူးသန်း ဆက်သွယ်ရေး ရှိခဲ့ပါတယ်။ မက်ဆိုပိုတေးနီးယား ဒေသမှ သည် အင်ဒူ မြစ်ဝှမ်းဒေသထိ ၊ ကပ်စပီးယား ပင်လယ်မှ သည် အာရေးဘီးယားထိကို ရှေးဟောင်းပညာရှင်များမှ ဆက်သွယ်ရေး ဘူမိနက်သန် နယ်မြေ "Zone of interconnection" လို့ ခေါ်ဝေါ် ကြပါတယ်။
မိုဟန်ဂျို ဒါရို မြို့ပြ ယဉ်ကျေးမှု
စတုတ္ထမြောက် လူ့ယဉ်ကျေးမှု နယ်မြေဟာ Oxus မြစ်နားမှာ ပေါ်ပေါက် လာပါတယ်။ Andronovo ယဉ်ကျေးမှု ဟူ၍ လူသိများပါတယ်။ ရွာငယ်လေး များဖြင့် စုစည်းတည်ထောင်ထားကာ မြို့ပြများအဖြစ် ဖွံ့ဖြိုးလာခဲ့ပြီး ထိုဒေသဟာ ယခုအခါမှာတော့ တာမစ်နစ္စတန် နဲ့ ဥဇဘတ်ကစ္စတန်နိုင်ငံ များ ဖြစ်လာခဲ့ပါတယ်။ သူတို့ရဲ့ မြို့ပြတွေဟာ တခြားမြို့ပြများ ကဲ့သို့ အရွယ်အစား မကြီးမားပဲ မြေမျက်နှာသွင်ပြင်ကို စနစ်တကျ စီမံခန့်ခွဲတက်တာကြောင့် ထင်ရှားပါတယ်။ ဘီစီ ၂၁၀၀ မှာတော့ တရုတ်နိုင်ငံမှာ ရှမင်းဆက် (Xia Dynastry) စတင် ပေါ်ပေါက် လာခဲ့ပါတယ်။
ဥရောပတိုက် အတွင်းမှာတော့ ဘီကာလူမျိုးစု များ ပေါ်ပေါက်လာ ပါတယ်၊ သူတို့ စတင်ဖြစ်လာကြတာကိုတော့ ယခုအချိန်ထိ ဆွေးနွေး ငြင်းခုံနေဆဲ ပါပဲ။ သူတို့ဟာ ပန်းပဲ နည်းပညာ ကျွမ်းကျင်ပါတယ်။ နေရာစုံ လှည့်လည် နေထိုင်လေ့ ရှိပါတယ်။ အင်္ဂလန်နိုင်ငံ သို့ ရောက်ရှိလာပြီး စတုန်းဟင့် (stonehenge) ကို ဆောက်လုပ်ကာ နေလမ်းကြောင်းကို သိရှိဖို့ ကျောက်တုံးကြီးများကို စီရီပြီး ဆောက်လုပ်ခဲ့ပါတယ်။သူတို့ရဲ့ ယဉ်ကျေးမှု ဟာ ပဟေဠိ ဖြစ်စရာတစ်ခုအဖြစ် ယခုအချိန်ထိ အငြင်းပွား နေဆဲပါပဲ။
စတုန်းဟင့် (stonehenge)
အမေရိကတိုက်မှတော့ အန်ဒင်း (Andean) လူဦးရေ တိုးတက်လာပြီး ပစိဖိတ်ကမ်းရိုးတန်းဒေသမှာ အခြေချကာ တူးမြောင်း နည်းပညာတိုးတက် ခဲ့ပါတယ်။ သူတို့ဟာ အမေ့လျောခံ လူ့ယဉ်ကျေးမှု တစ်ခု အဖြစ် စိတ်မကောင်းစွာ တွေ့ရပါတယ်။ မကြာသေးမှီကမှ ရှေးဟောင်း သုတေတနပညာရှင်များဟာ Supe တောင်ကြားအတွင်း သူတို့တွေ အခမ်း အနားလုပ်လေ့ရှိတဲ့ ရှေးဟောင်း အစိတ်အပိုင်းတွေကို တူးဖော် တွေ့ရှိခဲ့ တာကြောင့် သူတို့ရဲ့ သက်တမ်းဟာ နဂိုမှန်းထားတဲ့ သက်တမ်း ထက် ပို၍ စောနေတာကို တွေ့ရှိရပါတယ်။ ကာဗွန်သက်တမ်း အတိအကျ ဖော်ထုတ် ဖို့ လိုအပ်နေသေးတာကြောင့် သူတို့ရဲ့ သမိုင်းဟာ ပြောစရာတွေ ကျန်နေ သေးတာကို တွေ့ရှိရပါတယ်။
ဘီစီ ၁၅၀၀ အတွင်း လူ့ယဉ်ကျေးမှု
ဘီစီဒုတိယထောင်စုနှစ် ရောက်တဲ့အခါမှာတော့ အာရိယန်လူမျိုးတွေဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ကို ပြောင်းရွေ့ရောက်ရှိလာပါတယ်။ သူတို့ဟာ သူတို့ ကိုယ်ပိုင်ယဉ်ကျေးမှု ကို ပိုင်ဆိုင်ပါတယ်။ သူတို့ နေအိမ် တော်တော် များများဟာ အုတ် အစား သစ်သားကိုသာ အသုံးပြုတည်ဆောက်ပါတယ်။ ဒါ့အပြင် သံထည်နည်းပညာ ကျွမ်းကျင်ကြသလို စာရေးသားခြင်း အတက် ပညာကိုလည်း ထူးချွန်ပါတယ်။ ဝေဒကျမ်းဂန်တွေကို အချင်းချင်း လက်ဆင့်ကမ်း နှုတ်တိုက်အာဂုံဆောင် လေ့ရှိပြီး မြင့်မြတ်တဲ့ ဝေဒ ကျမ်းဂန်တွေကို စာရေးသား မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီကာလတွေကို "ဝေဒကာလ" ဆိုပြီး များသောအားဖြင့် ခေါ်ဝေါ်ပါတယ်။ ဝေဒ ကျမ်းဂန် တွေဟာ သက္ကတ ဘာသာစကားနဲ့ မှတ်တမ်းတင်ထားလေ့ရှိပြီး "ဝေဒ" ဆိုသည်မှာ "အကြားအမြင် ဗဟုသုတ" ဟူ၍ အဓိပ္ပါယ် ရပါတယ်။
အနောက်အာရှရဲ့ လူယဉ်ကျေးမှု ဟာ ပြောင်းလဲ လာခဲ့ပါတယ်။ ဘေဘီလုံ နဲ့ တခြား မတ်ဆိုပိုတေးနီးယား မြို့တွေဟာ အခြေမဲ့ ကူးကျော်သူ တွေဖြစ် တဲ့ Mitanni နဲ့ Kassites လူမျိုးတွေရဲ့ကူးကျော်မှုကို ခံခဲ့ရပါတယ်။ နေရာ သစ်ကို အခြေချ ဝင်ရောက်သူတွေထဲ အန်နာတိုလီးယား (Anatolia) မှာ အခြေချနေထိုင်ခဲ့တဲ့ ဟစ်တိုက် (Hittites) လူမျိုးတွေဟာ မြို့တော် တစ်ခု ကို အန်နာတိုလီးယား (Anatolia) မြောက် အလယ်ပိုင်း မှာတည်ဆောက် နေထိုင်ကြပါတယ်။ ကြီးမားတဲ့ ဘုရားကျောင်းကြီးတွေ ဆောက်ကြတယ်။ စာအရေးအသား ထွန်းကားခဲ့ပြီး မှတ်တမ်းတင်လေ့ ရှိပါတယ်။ သစ်ကုလား အုပ်ကို သွားရေးလာရေးနဲ့ ခိုင်းစေဖို့ အသုံးပြုလေ့ ရှိပါတယ်။ ဟစ်တိုက် တွေနဲ့ အီဂျစ် လူမျိုးတွေဟာ အနောက်အာရှမှာ အင်အားပြိုင်ဆိုင်ခဲ့ကြပြီး ထိုအချိန်မှာ အီဂျစ်တွေက Luxor ဒေသမှာ ဘုရားကျောင်းကြီးတွေ ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်။
ဘီစီ (၁၆၅၀) မှာတော့ တရုတ်နိုင်ငံမှာ ကြေးခေတ် စတင်နေပြီ ဖြစ်ပြီး ရှံ (Shang) မင်းနေပြည်တော် က အုပ်ချုပ်ပါတယ်။ အင်ပါယာ ဟာ တရုတ်နိုင်ငံ အရှေ့မြောက်အရပ် နဲ့ မြောက်ပိုင်းအလယ်ပိုင်းဒေသ ထိ ကျယ်ပြန့်ကာ Zhengzhou နဲ့ Anyang မြို့များလည်း ပေါ်ပေါက် လာခဲ့ပါတယ်။ ကြေး နည်းပညာ ထွန်းကားတာမို့ ကြေးခွက်နဲ့ ဝိုင်သောက် တဲ့ အလေ့အကျင့်နဲ့ စားစရာထည့်စားတဲ့ အလေ့အကျင့် ရှိခဲ့ပါတယ်။ တရုတ်တွေရဲ့ သံထည် နည်းပညာဟာ တခြားသူတွေနဲ့ မတူပါဘူး။ တရုတ် တွေဟာ သတ္တုတွေကို ထုရိုက် ပုံသွင်းလေ့မရှိပဲ ပုံစံခွက်ထဲ လောင်းပြီး ထုတ်လုပ်လေ့ရှိပါတယ်။ ထို့အပြင် ကြွေထည် မြေထည် နည်းပညာလည်း ထွန်းကားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အင်န်ဒီးစ် တောင်တန်း ဒေသ ရှိ လူမျိုးတွေဟာ စိုက်ပျိုးရေးအတွက် ဆည်မြောင်းရေသွင်းတဲ့ နည်းပညာ ထွန်းကားတာ ကြောင့် စီးပွားရေး အထူးကောင်းမွန်ခဲ့ပြီး တိုးတက် ကြီးပွားကြပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ နယ်မြေတွေကို ရှာဖွေပြီး နေထိုင်ခဲ့ကြပါတယ်။ ယခုအခါမှာတော့ ထိုနယ်မြေဟာ ပီရူးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ စိုက်ပျိုးရေး နည်းပညာ ကောင်းမွန်မှုကြောင့် ဝါဂွမ်း ထုတ်လုပ်နိုင်ခဲ့ပြီး စိုက်ပျိုးရေး နည်းပညာ တော်လှန်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ ရိုးရာ ဘာသာရေး ဘုရား ကျောင်းများကို ကြီးမားစွာ တည်ဆောက်ကြပြီး ပုံသဏ္ဍာန်အားဖြင့် ယူ ( U ) ပုံစံ တည်ဆောက်ခဲ့ပါတယ်။ ထို ပုံစံဟာ ပီရူးလူမျိုးတွေ အတွက် ကိုယ်ပိုင် အမှတ်သင်္ကေတ တစ်ခုအဖြစ် ရှိနေခဲ့ပါတယ်။
၁၀၀၀ ဘီစီ မှာတော့ တောင်အမေရိကပင်လယ်ကမ်းခြေ ဒေသရှိ နယ်မြေ တွေဟာ စိုက်ပျိုးရေး နဲ့ တူးမြောင်း နည်းပညာ ထွန်းကားခဲ့ပါတယ်။ ကုန်ကူးသန်း ရောင်းဝယ်ရေးလည်း ထွန်းကားပါတယ်။ ကုန်ကူးသန်းရာ လမ်းကြောင်းတွေမှာ ဘုရားကျောင်းများစွာ တည်ဆောက်ထားတာကို လည်း တွေ့ရပါတယ်။ ထို့အတူပင် အမေရိက အလယ်ပိုင်းဒေသ ရှိ Olmec မျိုးနွယ်စုတွေက ဗေရကရုမြို့ (Veracruz) ရှိ နှုံးမြေများကို စိုက်ပျိုးမြေ ဖြစ်အောင် ပြောင်းလဲပြီး ကောက်ပဲ သီးနှံများ စိုက်ပျိုးခဲ့ကြပါတယ်၊ Olmec တွေရဲ့ စဉ်းစားဥာဏ်ကောင်းမွန်တာကြောင့် ပြောင်း ကို စတင် စိုက်ပျိုး နိုင်ခဲ့ပြီး အမေရိကတိုက်ရဲ့ စီးပွားရေးကဏ္ဍအသစ်ကို ဖွင့်လှစ်ခဲ့ ပါတယ်။ ထိုကြောင့် စီးပွားရေး အထူးအောင်မြင်ကာ နာမည်ကြီး ဘုရားကျောင်း ဖြစ်တဲ့ San Lorenzo နဲ့ La Venta ကို ထိုခေတ်မှာ ဆောက်လုပ်ခဲ့ကြပြီး ယခုအခါ ထိုနယ်မြေဟာ မက္ကဆီကိုနိုင်ငံ ဖြစ်လာပါတယ်။
တခြားတဖက်မှာတော့ မီဆိုအမေရိက ဟာ ကြေးခေတ်ထဲသို့ ဝင်လာခဲ့ပြီး ယူရေးရှား (Eurasian) က သံ ခေတ်ကို ဝင်လာပါတယ်။ ဟစ်တိုက် (Hittites) လူမျိုး တွေဟာ သံထည် ကျွမ်းကျင်တာကြောင့် ဘီစီ ၁၀၀၀ မှာ ဟစ်တိုက်တွေရဲ့ သံထည် လုပ်နည်း နည်းပညာဟာ ကမ္ဘာအနှံ့ ပြန့်လာခဲ့ပါတယ်။ သံထည် လက်နက် ထွန်းကားလာတာဟာ နိုင်ငံရေးပါဝါ ပြောင်းလဲဖို့ တစ်နည်းအား ဖြင့် ဖြစ်လာခဲ့ပါတယ်။ သံထည်ပြုလုပ်လာ နိုင်မှုကြောင့် နိုင်ငံတွေဟာ စည်ပင်ဝပြော လာကြတယ်။ အရှေ့မြေထဲ ပင်လယ်ဒေသမှာတော့ မြို့ပြ တွေဖြစ်တဲ့ Biblos နဲ့ Sidon မြို့များ စည်ပင်ပြီး ဂျေယုဆလင်ရှိ အစ္စရေး ဘုရင့်နိုင်ငံတော် ဖြစ်လာပါတယ်။
ဒိုရီယန်း (Dorian) လူမျိုးတွေဟာ လက်နက်နည်းပညာ ထွန်းကားတာ ကြောင့် သူတို့ဟာ မြေထဲပင်လယ်ဆိပ်ကမ်း သာမက Sicily နဲ့ အီတလီ နိုင်ငံများကို ကိုလိုနီ အဖြစ်သိမ်းပိုက်ထားပါတယ်။ "Magna Graecia" လို့ ခေါ်ဝေါ်ကာ ဘီစီ (၅၀၀) အထိ အင်အားတောင့်တင်းခဲ့ပါတယ်။ စီးပွားရေး အထူး ဖွံဖြိုးပါတယ်။
ဘီစီ ၈ ရာစု နဲ့ ၉ ရာစု အချိန်တွေမှာ ပလက်စတိုင်းဟာ နူဘီးယား (Nubia) ရှိ ကတ်ခ်ျ (kush) လူမျိုးတွေ အဆက်အသွယ်ရှိခဲ့ပါတယ်။ ကတ်ခ်ျ တွေ အတွက် သတ္တုထုတ်လုပ်ဖို့ဟာ အရေးကြီးခဲ့ပြီး သူတို့ရဲ့ ဟာ အချိန် အတိုင်းအတာ တစ်ခုထိ အီဂျစ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Sabean မင်းနေပြည်တော် ရှိ ယီမင်တွေဟာ အမွှေးနံ့သာ အမွှေးတိုင် စျေးကွက်ကို လွှမ်းမိုးချူပ်ကိုင်ကာ ဆီ ထုတ်လုပ်တဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။ အမွှေးတိုင်ဟာ ဘာသာရေး ပွဲလန်းသဘင်တွေမှာ အသုံးပြုတဲ့ အဓိက အရာ ဖြစ်တာကြောင့် ထိုခေတ်က တန်ဖိုးကြီးမားပါတယ်။ စျေးကွက် အတွင်းသို့ ပါလက်စတိုင်းမှ တဆင့် ဆိပ်ကမ်း နဲ့ ကုန်ကူးသန်း ရောင်းဝယ် ရေး လမ်းကြောင်းဆီကို ဖြန့်ဝေပါတယ်။
ဘီစီ ၈ ရာစုနဲ့ ၆ ရာစုကြားမှာ အက်စ်စီရီးရမ်း (Assyrians) နဲ့ ဘေဘီလိုးနီးယား (Babylonians) တွေဟာ အာရှအနောက်ပိုင်း ဒေသမှာ အင်အား ကောင်းမွန်လာခဲ့ပါတယ်။ သူတို့ အင်ပါယာ ကျယ်ပြန့်ပြီး မြို့တွေဟာ ထင်ရှား ကျော်ကြား လာသော်လည်း သူတို့ရဲ့ ဘဏ္ဍာရေး နဲ့ ကုန်ကူးသန်းရောင်းဝယ်ရေးတော့ အားနည်းခဲ့ပါတယ်။ ဘီစီ (၅၃၉) မှာ ဘေဘီလုံ အင်ပါယာ ကျဆုံးခဲ့ပါတယ်။ ထို့သို့ကျဆုံးမှုကြောင့် နိုင်ငံရေးပါဝါဟာ ပါရှားတွေ လက်ထဲရောက်ခဲ့ ပါတယ်။ အရှေ့ဘက် မှာတော့ အာရိယန်တွေ အခြေချ နေထိုင်လျက်ရှိတဲ့ (ယခု-အိန္ဒိယ) ကတော့ အင်အားကောင်းမွန်လာပါတယ်။မင်းနေပြည်တော် ပေါင်း (၁၆) ခုထိ ဖြစ်လာပြီး ဗာရာဏသီပြည် ဟာ ကာသိတိုင်းရဲ့ မြို့တော် ဖြစ်လာပြီး ကျော်ကြားပါတယ်။ ဗာရာဏသီပြည် ဟာ ပညာရေး လေ့လာ ဆည်းပူးရာ အထူးကောင်းမွန်တဲ့ နေရာဖြစ်ခဲ့ပါ တယ်။
ဘီစီ ၁၀၄၆ ခုနစ် မှာတော့ ရှံ (Shang) မင်းဆက် ပျက်သုဉ်းပြီး ထန် (Zhou) မင်းဆက် ဝင်လာပါတယ်၊ သူတို့ဟာ ကြီးကျယ်ခမ်းနားတဲ့ မြို့လေးမြို့ကို တည်ဆောက်ပါတယ်၊ ယခုအခါမှာတော့ ထိုမြို့ဟာ အနည်းငယ်သာ ကျန်ရှိပြီး သစ်သား နဲ့ ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦ တွေကိုသာ တွေ့ရှိ ရပါတယ်၊၊ ထန် (Zhou) တွေဟာ ကောင်းကင်ဘုံရဲ့ တာဝန် ပေးချက်အရ ဘုရင်က ဆက်ခံရတဲ့ အယူကို လက်ခံတာကြောင့် အုပ်ချုပ်ရေးအာဏာ နဲ့ ဘာသာတရား ဆက်စပ်ခဲ့ပါတယ်။ အချင်းချင်း စည်းရုံး ကြပြီး တောင်ပိုင်းရှိ လူမိူးစုတွေနဲ့ အဆက်အသွယ် ရှိခဲ့ပါတယ်၊ ထို လူမျိုးစု တွေဟာ ယခု အခါမှာတော့ ထိုင်း၊ မြန်မာ နဲ့ ဗီယက်နမ် တို့ ဖြစ်လာခဲ့ပါတယ်။
၄၀၀ ဘီစီ (ကိုယ်ကျင့်တရား နဲ့ လူသားဗဟိုပြု ဝါဒထွန်းကားလာမှု)
ဒီကာလမှတော့ စည်းမျဉ်းနဲ့ နိုင်ငံသားဥပဒေ အားကောင်းတဲ့ ကာလ ဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာတော့ ကွန်ဖြူးရှပ် (၅၅၁-၄၇၉ ဘီစီ) ဝါဒ ပေါ်ပေါက်လာပြီး ကိုယ်ကျင့်တရား အပေါ် တန်ဖိုးထားတဲ့ ကာလ ဖြစ်ခဲ့ပါတယ်။ အိန္ဒိယ မှာတော့ ဗုဒ္ဓ နဲ့ မဟာဝီရ ပေါ်ပေါက်လာကာ ဝေဒကျမ်းဂန်တွေ အပေါ် ဝေဖန်ပြောဆိုလာတဲ့ ကာလဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ထွန်းကားလာမှုဟာ အိန္ဒိယ ကို တစ်မျိုး တခေတ်ဆန်းစေ ပါတယ်။ အသောကမင်း (၃၀၄- ၂၃၂ ဘီစီ) မင်းလက်ထက်မှာတော့ ဗုဒ္ဓဘာသာ ဟာ နိုင်ငံတော်ရဲ့ အဓိက ဘာသာ ဖြစ်လာခဲ့ပါတယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ကျောက်တိုင် စိုက်ထူကာ တခြား ဘာသာတရား တွေကို လွတ်လပ်စွာ ကိုးကွယ် ခွင့်ပြုပါတယ်။ အနောက်နိုင်ငံ တွေနဲ့ အာရှ အလယ်ပိုင်းဒေသ တွေမှာတော့ ဇိုရိုရက်စထရာ ဘာသာ (Zoroastrianism) ဝါဒ ထွန်းကားပါတယ်။ ထိုဝါဒ ဟာ ကိုယ်ကျင့်တရား စည်းမျဉ်း အပေါ် အခြေခံကာ ကမ္ဘာကြီးဟာ အကောင်း နဲ့အဆိုးကြား ရုံးကန်နေရတယ် ဆိုတာကို လက်ခံကြပါတယ်၊ လူသားတွေ ဟာ ဘုရားသခင်ရဲ့ အကူအညီကို ရယူကာ မကောင်းတဲ့ နတ်ဆိုးတွေ မကောင်း တဲ့ အကျင့်တွေကို တွန်းလှန်ဖို့ တာဝန်ရှိတယ် လို့ ဆိုကြပါတယ်။ ဂရိမှာ တော့ ဆိုကရေးတီး၊ ပလေတို၊ အရစ်စတိုတယ် နဲ့ တခြား ပညာရှိတွေ ပေါ်ပေါက်နေပြီး ဒီမိုကရေစီ၊ ဥပဒေ နဲ့ လူမှု အတွေးအခေါ်ဆိုင်ရာ ဝါဒ တွေကို ဆွေးနွေးငြင်းခုံ ကြပါတယ်။ ဘီစီ (၄၀၀) ကာလဟာ လူတွေရဲ့ အသိအမြင် ဗဟုသုတဟာ အရင် ကာလတွေနဲ့ မတူ လူသားဗဟိုပြု ယူဆချက်တွေ ဖူးပွင့်ဝေနေတဲ့ ကာလဖြစ်တယ်ဆိုတာကို ယေဘုယျ မှတ်ယူနိုင်ပါတယ်၊
ထိုအချိန်က နိုင်ငံရေး အာဏာအနေနဲ့ အာရှအလယ်ပိုင်း နဲ့ အနောက်ပိုင်း ဟာ ပါးရှားတွေ လက်ထက် ရောက်နေခဲ့ပါတယ်။ အီဂျစ် အက်စ်စီရီးရမ်း (Assyrians) နဲ့ ဘေဘီလုံ ပျက်ဆီးပြီး ထိုအရွေ့ဟာ အိန္ဒိယ မြောက်ပိုင်းထိ ရောက်လာကာ ဗိသုကာပုစံအသစ်တွေကို Pasargadae နဲ့ ပါဆီပိုးလစ် (Persepolis) မှာတွေ့ရပါတယ်။ မြေထဲပင်လယ် ဒေသဟာ ဂရိတွေရဲ့ လက်ထဲ ရှိနေဆဲဖြစ်ပြီး ၅ ရာစု မှာ ဗိသုကာဖွံဖြိုးမှုဟာ တရိပ်ရိပ်တက် လာကာ ဥရောပနဲ့ အနောက်အာရှ ဗိသုကာ ရဲ့ မြစ်ဖျားခံရာ ဖြစ်လာ ပါတယ်။ ပါးရှားဟာ ဂရိကို သိမ်းပိုက်ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အလက်ဇန်းနား (၃၅၆- ၃၂၃ ဘီစီ) ဘုရင်ရဲ့ လက်အောက်မှာ ဂရိဟာ စစ်ရေးအင်အား ကောင်းမွန်ခဲ့ပြီး ပါးရှားကို သိမ်းပိုက်ခဲ့ပါတယ်။ အလက်ဇန်းဒါးရဲ့ စစ်ရေး ဗှူဟာ ဟာ ခြေလျင်တပ် အင်အားကောင်းမွန် နဲ့ စစ်တပ်အင်အား အလုံးအရင်းနဲ့ ဝင်တိုက်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဂရိအင်ပါယာဟာ အင်ဒူ မြစ်ဝှမ်းဒေသ အိန္ဒိယတိုက် အထိကျယ်ပြန့် ခဲ့ပါတယ်။ ကံမကောင်း အကြောင်း မလှစွာနဲ့ အလက်ဇန်းနား ဘုရင်ဟာ အသက်ငယ်ငယ်ရွယ်ရွယ် မှာပဲ ရုတ်တရက် နတ်ရွာစံခဲ့ပါတယ်။ အလက်ဇန်းနား ကွယ်လွန်ပြီး နောက် သိမ်းပိုက်ထား တဲ့ နယ်မြေ တွေ ပြိုကွဲခဲ့ပါတယ်။ ပြိုကွဲခဲ့တဲ့ နယ်မြေ တွေထဲ အီဂျစ်ဟာ အင်အား အကောင်းဆုံး ဖြစ်လာပါတယ်။ ဂရိနိုင်ငံ အေသင်မြို့ဟာ ကုန်ကူးသန်း ရောင်းဝယ်ရေး ထွန်းကား ကာ ထိုခေတ်ကို ဟယ်လင်နစ်ခေတ် (Hellenism) လို့ ခေါ်ပါတယ်။ ထိုခေတ် ဟာ သရုပ်မှန်ဝါဒ ပြေပြစ်မှုနဲ့ ပန်းပု ဗိသုကာ အနုသုခုမ ပညာ ထွန်းကား ကာ ထိုပညာဟာ အိန္ဒိယ နဲ့ တရုတ် တိုင်ပြန့်နှံခဲ့ပါတယ်။
တရုတ်နိုင်ငံမှာတော့ ထန် (Zhou) အင်ပါယာရဲ့ နိုင်ငံရေး မတည်ငြိမ် လာပါတယ်။ သိက္ခာအတွက် နန်းတော်ကြီးတွေနဲ့ ပါဝါအတွက် ကြီးကျယ်တဲ့ ဂူဗိမာန် တွေကို ဆောက်လုပ်စ ပြုလာပါတယ်။ တတိယ ရာစုနှစ် မှာတော့ တခြားလူမျိုးစုတွေ ပေါင်းစည်း ဝင်ရောက်လာကာ ချင် Qin (Ch'in ) အင်ပါယာ ဖြစ်လာပါတယ်။ ယခုခေတ် တရုတ်နိုင်ငံ (China) စကားလုံးက ထို စကားစုမှ ဆင်းသက် လာတယ်လို့ ဆိုပါတယ်။
အမေရိကမြောက်ပိုင်း မှာတော့ အိုဟိုင်းယိုးမြစ် တလျှောက်မှာ ရှုပ်ထွေးတဲ့ ယဉ်ကျေးမှုပေါင်းစုံ ထွန်းကားပါတယ်။ မြေသြဇာ အထူးကောင်းမွန်တဲ့ ဒေသဖြစ်ကာ အသား ငါး ပေါကြွယ်ဝပါတယ်၊ အမေရိက တောင်ပိုင်း မှာတော့ ယဉ်ကျေးမှုတွေ တိုးတက်ပေါင်းစုံလာကာ Moche လူ့ယဉ်ကျေးမှု ဟာ မြောက်ဖက်ထိ ကျယ်ပြန့်ကာ နက်ဇကာ (Nazca) လူမျိုးစု ဟာ တောင်ဘက်ထိ ကျယ်ပြန့်ပါတယ်။ Olmec လူမျိုးတွေဟာ မီဆို အမေရိက မှာ သူတို့ ယဉ်ကျေးမှု လွှမ်းမိုးကာ ၄၀၀ ဘီစီမှာ အင်အား ဆုတ်လျော့လာ ကာ သူတို့နေရာကို မာယာ (Maya) နဲ့ Zapotec လူမျိုးတွေ ဝင်ရောက်လာ ပါတယ်။ မြို့ငယ်လေးတွေကို မျိုးနွယ်စု ခေါင်းဆောင်တွေမှ အုပ်ချူပ် ပါတယ်။
ဗိသုကာစာရေးဆရာကြီး ဖရန့်စစ်ဒီကေချင်း က ဘီစီအစောပိုင်း လူ့ယဉ်ကျေးမှု သမိုင်းကို ဒီမှာ အဆုံးသတ်ထားပါတယ်။ ဘီစီ အစောပိုင်း ကာလမှသည် ဘီစီနှောင်းပိုင်း၊ အေဒီခေတ်ဦး ကာလမှသည် ယခုအချိန်ထိ သမိုင်းခေတ် အဆက်ဆက်တွေ တောက်လျှောက် ပြောင်းလာခဲ့ကြသလို ဗိသုကာဟန်တွေလည်း ပြောင်းလဲ ပေါ်ပေါက်လာခဲ့ကြတယ်။
စာရေးသူ ဆောင်းပါး အစ က ဖော်ပြထားသလို လူ့ယဉ်ကျေးမှု သမိုင်းကို မှီပြီး ဗိသုကာဟာ အဆင့်ဆင့် တိုးတက်လာခဲ့ပါတယ်။ ကွန်ကရစ် မပေါ်မှီ ခေတ်က အဆောက်အဦ၊ ဘုရားကျောင်းတွေမှာ ထိုခေတ်အခါက ပေါ်ပေါက်ခဲ့တဲ့ ဆောက်လုပ်ရေး ပစ္စည်းတွေနဲ့သာ တည်ဆောက် အလှဆင်ခဲ့ကြမှာ အမှန်ပါ။ ကွန်ကရစ်ပေါ်လာပြီးနောက် ကွန်ကရစ် နည်းပညာအပေါ် အမှီပြုကာ နဂိုထက် ဆန်းသစ်တဲ့ အဆောက်အဦတွေ ထပ်မံ ပေါ်ပေါက်လာခဲ့ ပြန်ပါတယ်။
လူ့ယဉ်ကျေးမှု အဆင့်ဆင့် တိုးတက်လာလေ ဗိသုကာသည်လည်း အဆင့်ဆင့် တိုးတက်လာလေ ဖြစ်မှာပါ။ ရှေးဘိုးဘေး ဘီဘင် အဆက်ဆက်က လက်ဆင့်ကမ်းလာခဲ့ကြတဲ့ ဗိသုကာ ပညာရပ် ထပ်မံ တိုးတက် ရှင်သန်နေဖို့ရာ ယခု (၂၁) ရာစု ရှိ ဗိသုကာ ပညာရှင် တွေ အပေါ် မှီခိုနေပါကြောင်း အကြံပြု ရေးသားလိုက်ပါတယ်။
Comments
Post a Comment