ပုဂံကိုချစ်သလို မြောက်ဦးကိုလည်း ချစ်ပါတယ်
၂၀၁၉ ခုနစ်၊ မတ်လ ( ၁၅) ရက်နေ့ ညနေပိုင်းမှ စတင်ကာ မတ်လ (၁၉) ရက်နေ့ မနက်ပိုင်းအထိ ရခိုင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ ပစ်ခတ် မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ် ထားတဲ့ သျှစ်သောင်းပုထိုး၊ ထုက္ကံသိမ်အနီးမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ဆင်ချဆိပ်ရပ်ကွက်ရှိ ရှေးဟောင်းလက်ရာ စေတီတစ်ဆူဖြစ်တဲ့ အနောက် မြေထဲစေတီ အောက်ခြေပိုင်းကို လက်နက်ကြီး ထိမှန်ခဲ့ပြီး ပျက်စီး ထိခိုက်မှုတွေ ရှိပါတယ်။ ထိုသို့ ပစ်ခတ်မှု အပေါ် အစိုးရတပ်မတော် ဘက်ကရော၊ ရခိုင့်တပ်မတော်် (AA) ဘက်ကရော ငြင်းဆိုထား ပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ ခြိမ်းခြောက်ခံနေရတာ တော့ အမှန်။ တရားခံ တော့ မပေါ်သေး။ မည်သူ့မှာ တာဝန်ရှိသနည်း။ ပျက်စီးခဲ့တာတွေတော့ ပျက်စီးခဲ့ပါပြီ။
"အမွေအနှစ်" ဆိုတဲ့ စကားစုကို စာရေးသူတို့ စဉ်းစားကြည့်ရအောင်။ “အမွေအနှစ်" ဆိုတဲ့ စကားစုဟာ လူတစ်ဦး တစ်ယောက်၊ လူမျိုးစု တစ်စု တို့က တစ်သီးပုဂ္ဂလ ပိုင်ဆိုင်မှု တစ်ခုလား (သို့) "အမွေအနှစ်" စကားစု ထဲက "အမွေ" ဆိုတဲ့ အတိုင်း ဘိုးဘွားအမွေအနှစ်ကို သားစဉ် မြေးဆက် ပိုင်ဆိုင်မှုလား တနည်းအားဖြင့် "အမွေအနှစ်" ဆိုတာ အများနှင့် သက်ဆိုင် သော၊ အများပိုင်ဆိုင်မှု အရာတစ်ခုလား ဆိုတာ ယခုဆောင်းပါး အတွင်း စာရေးသူတို့ အဖြေထုတ်ကြည့်ရအောင်။
၁၉၇၀ နှောင်းပိုင်းကာလတွေမှာ "အမွေအနှစ် (Hertitage)” ဆိုတဲ့ စကားလုံး အသုံးအနှုန်းဟာ တဖြည်းဖြည်း လူသိများ တွင်ကျယ်လာ ပါတယ်။ ၁၉၇၀ မတိုင်ခင် မှာတော့ "ယဉ်ကျေးမှု အရပိုင်ဆိုင်မှု (Cultural Property) နှင့် "သမိုင်းမော်ကွန်း အထိမ်းအမှတ် (Historical Monument)” ဆိုတဲ့ အသုံးအနှုန်းတွေကိုသာ သမိုင်း ယဉ်ကျေးမှု နှင့် ဆက်စပ်သောကိစ္စရပ်များတွင် အသုံးပြုပါတယ်။ ၁၉၅၄ ခုနစ်မှာတော့ ယူနက်စကို အဖွဲ့အစည်းမှ စစ်ပွဲအတွင်းရှိ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ရာ သဘောတူညီချက်များ ချမှတ် အတည်ပြုခဲ့ကြပါတယ်။ ထိုစဉ်ကလည်း "အမွေအနှစ် (Heritage)" ဆိုတဲ့ အသုံး အစား " ယဉ်ကျေးမှုအရ ပိုင်ဆိုင်မှု (Cultural Property)" ကိုသာ အသုံးပြုခဲ့ပါတယ်။ ထိုသဘော တူညီချက် မှာ "အမွေအနှစ်" အသုံးအနှုန်း ဆိုတာက "ယဉ်ကျေးမှုအရ ပိုင်ဆိုင်မှု" ဆိုတဲ့ စကားစု မှ တဖြည်းဖြည်းဆင့်ကဲ ပြောင်းလဲလာခြင်းလို့ ဆိုကြတယ်။
မြောက်ဦးမြို့ဟောင်း
ယူနက်စကိုအဖွဲ့အစည်းမှ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ Raymond Weber ကတော့ ထိုသို့ မဟုတ် အမွေအနှစ် ဆိုတာက သမိုင်းမော်ကွန်း အထိမ်းအမှတ် ဆိုတဲ့သဘောတရားနေရာမှာ အစားထိုး ဝင်လာတဲ့ စကားစု တစ်ခုသာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီအဆိုကတော ထောက်ခံစရာပါပဲ။ ၁၉၇၀ မတိုင်မီကာလတွေမှာ ကမ္ဘာတစ်ဝန်း "သမိုင်း မော်ကွန်း အထိမ်းအမှတ်" ဆိုတဲ့ စကားစုကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြလို့ပါပဲ။ သမိုင်းသမိုင်းမော်ကွန်းတစ်ခုဟာ ဗိသုကာ အနုပညာ ရပ်နှင့် သမိုင်းပညာတို့ရဲ့ တန်ဖိုးကို ထင်ဟပ်ဖော်ပြနေပါတယ်။ ထိုကာလ မှာ ယဉ်ကျေးမှု ထိန်းသိမ်းရေး နိုင်ငံတကာ လှုပ်ရှားမှုများ ပေါ်ပေါက် လာကာ အတိတ်က တည်ဆောက်ခဲ့ကြတဲ့ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှု အထိမ်းအမှတ်တွေကို ကာကွယ်ရမယ်ဆိုတဲ့ အသိရေချိန် မြင့်တက်လာ ခဲ့ပါတယ်။ Venice Charter (ဗင်းနစ်မြို့ အခြေစိုက် ရှေးဟောင်း ယဉ်ကျေးမှုမျး ရှေးမှုမပျက် ပြုပြင် ထိန်းသိမ်းရေးအဖွဲ့အစည်း) မှ ဘာကြောင့် သမိုင်းမော်ကွန်း အထိမ်းအမှတ် အသုံးပြုရတယ် ဆိုတာကို အပေါ်လွင်ဆုံး ရှင်းပြခဲ့ပါတယ်။ သမိုင်းမော်ကွန်း အထိမ်းအမှတ် ဆိုတဲ့ သဘောတရားဟာ ဗိသုကာလက်ရာကို သာမက လူ့ယဉ်ကျေးမှု အဖွဲ့အစည်းရဲ့ အခင်းအကျင်းတွေကို သတ်သေပြ ဖော်ပြနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သမိုင်း အဖြစ်အပျက်တွေနဲ့ အတူ လူ့ ယဉ်ကျေးမှုဟာ သိသိ သာသာ ပဲ တိုးတက်လာပါတယ်။ ဒီလို တိုးတက်မှုကနေ ကြီးမြတ်တဲ့ အနုပညာတွေ ဖြစ်ပါတယ်။ သမိုင်း အဖြစ်အပျက်တွေနဲ့ အတူ လူ့ယဉ်ကျေးမှုဟာ ဖန်တီးခဲ့ကြတယ်။ အချိန်တရွေ့ရွေ့ တိုင်စားလာမှုနှင့် အတူ လူတွေဟာ သူတို့ ယဉ်ကျေးမှုကို သာမန်ထက် ကြိုးစား တည် ဆောက်ခဲ့ကြတယ် ဆိုတာကို ပြသနေပါတယ်။
၁၉၆၉ ခုနစ်၊ ဘယ်ဂျီယံ နိုင်ငံ၊ ဘရက်ဆဲလ်မြို့မှာ ကျင်းပတဲ့ ဥရောပသမဂ္ဂ ဝန်ကြီးများ စုံညီ အစည်းအဝေးမှာ "အမွေအနှစ် (Heritage)" ဆိုတဲ့ အသုံးကို စတင် အသုံးပြုခဲ့ပါတယ်။ ထို့အပြင် အစည်းအဝေးအတွင်း ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းဖို့ရာ ယူနက်စကို ယဉ်ကျေးမှု အမွေအနှစ် နယ်မြေ (Cultural Heritage of Monuments and Sites) သတ်မှတ် ရေးကိုလည်း ထောက်ခံဆွေးနွေး ကြပါတယ်။ ၁၉၇၂ ခုနစ်မှာတော့ "အမွေအနှစ် (Heritage)" ဆိုတဲ့ အသုံးကိုသာ အသုံးပြုရန် တညီတညွတ်ထဲ လက်ခံခဲ့ကြပါတယ်။ အမွေအနှစ် ဆိုတာ မည်သည့် အရာတွေကို ခေါ်ပါသလဲ။ အမွေအနှစ် အဖြစ် သတ်မှတ်ဖို့ရာ အချက် (၃) ချက်နှင့် ပြည့်စုံရမယ်လို့ ဆိုပါတယ်။
(၁) သဘာဝ အအမွေအနှစ်များ (မြေခင်းဗိသုကာ၊ သဘာဝ ပတ်ဝန်းကျင်၊ ထင်ရှားတဲ့ ဥယျာဉ်ပန်းခြံများ)
(၂) ယဉ်ကျေးမှု အမွေအနှစ်များ (အထိမ်းအမှတ် - ဗိသုကာ လက်ရာများ၊ ပန်းပုလက်ရာများ၊ ပန်းချီ၊ နံရံဆေးရေး ပန်းချီများ၊ သဘာဝ လိုဏ်ဂူ များ)
(၃) စက်မှုလုပ်ငန်းဆိုင်ရာ အမွေအနှစ်များ (စက်ရုံဟောင်းများ၊ ကျောက် မီးသွေးတူးဖော်ခဲ့ရာ တွင်းဟောင်းများ)
အနုပညာရပ်တစ်ခုရဲ့ တန်ဖိုးဟာ အခြေခံမှုများနှင့် ပြည့်စုံရမည်သာမက လူ့ယဉ်ကျေးမှုသမိုင်းကို ဖော်ညွှန်းသော ရှေးလူ့အသုံးအဆောင် ပစ္စည်း များသည်ပင် အမွေအနှစ် လို့ ဆိုနိုင်ပါတယ်။
ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းရမယ်ဆိုတဲ့ အသိဟာ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရတာကြောင့် ဖြစ်ပါတယ်။ ဥရောပနိုင်ငံ တဝန်း အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ရာ အသိအမြင်များ နိုင်ငံတော် အဆင့်ထိ တဖြည်းဖြည်း မြင့်တက်လာပါတယ်။ ထို့အပြင် သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ ရေကြီးမှု၊ မုန်တိုင်း နှင့် ငလျင်ဒဏ်တွေကြောင့် ပျက်စီးခဲ့ရတဲ့ အဖိုးတန် အမွေအနှစ် တွေကို ထိန်းသိမ်းဖို့ရာ စဉ်းစားလာကြပါတယ်။ ပထမဆုံး လှုပ်ရှားမှု အနေနဲ့ အီဂျစ်နိုင်ငံရှိ ဘုရားကျောင်း (၂) ကျောင်း ဖြစ်တဲ့ Abu Simbel နှင့် Philae ဘုရားကျောင်းတွေကို အီဂျစ်အစိုးရမှ ဆောက်လုပ်ထားသော Aswan High ဆည်ရဲ့ ရေလှုံမှုဘေးမှ ကာကွယ်ဖို့ တိုင်ပင်ကြပါတယ်။ ထို ဆည်ဆောက်လုပ်ထားခြင်းကြောင့် တောင်ကြားအတွင်းရှိ ဘုရားကျောင်း (၂) ကျောင်းမှာ ရေဘေးဒဏ်ခံရကာ ပျက်စီးဖို့ ရှိနေခဲ့ပါတယ်။ ထို့ကြောင့် အမွေအနှစ် ထိန်းသိမ်းသူများက ဘုရားကျောင်း (၂) ကျောင်းကို ဘေးလွတ်ရာ နေရာသို့ စနစ်တကျ ရွေးပြောင်းရန် ကြိုးစားကြပါတယ်။
၁၉၅၄ ခုနှစ်မှာတော့ ယူနက်စကို အဖွဲ့အစည်းမှ ကြီးမှူးပြီး ကန်ပိန်း အတွက် ယူနက်စကိုမှ ဒေါ်လာသန်း (၈၀) ခန့် ကုန်ကျစရိတ် ခန့်မှန်းထား ကာ ကုန်ကျစရိတ်ရဲ့ တစ်ဝက်ကို နိုင်ငံပေါင်း (၅၀) တို့မှ ငွေကြေး အကူအညီ ထည့်ဝင် လှူဒါန်းကြပါတယ်။ ဒါဟာ ကမ္ဘာ့ နိုင်ငံ အသီးသီးက ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှု အမွေအနှစ်တွေ အပေါ် တာဝန် ရှိတယ် ဆိုတာကို ပြသခဲ့ပါတယ်။ ၁၉၆၆ ခုနစ်မှာပဲ Philae ဘုရားကျောင်း နဲ့ ပတ်သက်ပြီး သောကဖြစ်စရာ ထပ်ဖြစ်လာခဲ့ပါတယ်။ တိုင်းစ် မဂ္ဂဇင်း ကလည် ဘုရား ကျောင်း လက်တွေ့ကြုံတွေ့နေရတဲ့ အနေအထားကို ဂြိုဟ်ထု ဓာတ်ပုံများ နှင့်တကွ နိုင်ငံတကာသို့ သတင်း စကားပို့ ဖော်ပြ ခဲ့ပါတယ်။ တိုင်းစ် ရဲ့ ဖော်ပြချက်မှာတော့ "နိုင်းမြစ်ရဲ့ ရေတွေဟာ ဘုရားကျောင်းရဲ့ တချို့ အစိတ်အပိုင်းတွေကို လွှမ်းမိုးသွားခဲ့ပါပြီ။ ဒါဟာ Aswan High ဆည်တွေရဲ့ အကျိုးဆက် ကြောင့်ပဲ ဖြစ်ပါတယ်။ ရေကတော့ ဒီ အခြေအနေမှာပဲ ရပ်တန့်မယ့် သဘောရှိပါတယ်" လို့ တင်ပြခဲ့ပါ တယ်။
Abu Simbel ဘုရားကျောင်း ရွေ့ပြောင်းစဥ်
ဒီ အဖြစ်အပျက်ဟာ စာရေးသူတို့ အတွက် သင်ခန်းစာယူစရာ ပင်။ တချို့သော သဘာဝဘေးဒဏ်များဟာ စာရေးသူတို့ လူသားတွေကြောင့် ပင် ပေါ်ပေါက်လာရတယ်ဆိုလျှင် မှားမည်မဟုတ်။ ကမ္ဘာကြီး ရဲ့ ဂေဟ စနစ် ပျက်ယွင်းလာမှုနှင့်အတူ မထင်မှတ်ထားတဲ့ သဘာဝဘးအန္တရာယ် များ ပေါ်ပေါက်လာစေနိုင်ကာ လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်၊ လူ့ ယဉ်ကျေးမှု အမွေအနှစ်များ ပျက်စီးစေ နိုင်ပါတယ်။ အသိပညာရှင်၊ အတက် ပညာရှင်များ နှင့်အတူ တစ်ခုခု အလုပ်ခင် စဉ်းစား ဆင်ခြင်နိုင်မှ တော်ရာကျပါမယ်။ (ဥပမာ- မြစ်ဆုံ စီမံကိန်း)
တခြားထင်ရှားတဲ့ အဖြစ်အပျက်တစ်ခုကတော့ ၁၉၆၆ ခုနစ်၊ နိုဝင်ဘာ (၄) ရက်နေ့မှာ အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ နှင့် ဖလောရန့်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှု တစ်ခုပါ။ အကျိုးဆက်ကတော့ ဖလောရန့်မြို့ရန့်ရဲ့ လမ်းမတွေ ပေါ်မှာ ရေတွေ လွမ်းခြုံသွားကာ ရွံ့တွေ၊ ရေတွေကြား ကားတစ်ဝက်ခန့် မြုပ်တဲ့ အထိ ရေတက်ခဲ့ပါတယ်။ ထို ရေကြီးမှု ဒဏ်ကြောင့် မြို့နှစ်မြို့ ရှိ ရှေးဟောင်း အဆောက်အဦ များ ထိခိုက်ပျက်စီးခဲ့ရပါတယ်။ အီတလီနိုင်ငံ အနေနဲ့ တစ်ဦးတည်းဖြေရှင်းဖို့ ကြိုးစားကြည့်ပါတယ်။ ကမ္ဘာ့ အရပ်ရပ် မှလည်း အကူအညီများ ပေးဖို့ရာ တိုင်ပင် ဆွေးနွေးကြပါတယ်။ သတင်း မီဒီယာများမှလည်း အနုလက်ရာများ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အကြောင်းကို ခေါင်းကြီးပိုင်းရေးသား ဖော်ပြကြပါတယ်။
တိုင်းစ်မဂ္ဂဇင်းမှ စာရေးဆရာ Jhon Sherman က "ဖလောရန့် အနု လက်ရာများ ပျက်စီးစေခြင်း" ဆောင်းပါးကို ရေးသားခဲ့ပါတယ်။ ထိုဆောင်းပါး ထဲမှာတော့-" ဒီရေကြီးမှုရဲ့ အကျိုးဆက်ဟာ နှစ်ကာလ ကြာ တဲ့ အထိ ဆက်လက် အကျိုးသက်ရောက် နေအုံးမှာပါ။ ရှေးဟောင်း အဆောက်အဦတွေရဲ့ အုတ်မြစ်ခိုင်ခံ့မှု အားနည်းတာကြောင့် နံရံတွေဟာ စိုထိုင်းလာစေကာ နံရံဆေးရေး ပန်းချီများ အပေါ် အကျိူးသက်ရောက် စေပါတယ်။ စိုထိုင်းဆ များလာမှုရဲ့ အကျိုးဆက်က နံရံဆေးရေး ပန်းချီ တွေရဲ့ရှေးဟောင်း ပရိဘောဂတွေကို ပျက်စီးစေနိုင်ပါတယ်။ ပျက်စီးမှု အတိုင်းအတာကို တိကျတဲ့ အစီရင်ခံစာ အနေနဲ့ ဖော်ပြဖို့ ခက်ပါတယ်။ ဒါတွေကို ပြုပြင်ထိန်းသိမ်းတဲ့ အခါမှာ ငွေကြေးမည်မျှကုန်ကျမလဲ ခန့်မှန်း ရခက်ပါတယ်။ "ယဉ်ကျေးမှု ဆုံးရှုံးတာဟာ မည်သည့် ငွေကြေးနဲ့မှ အစားထိုးလို့ မရ၊ အဖိုးမဖြတ်နိုင်ပါဘူး" လို့ အစီရင်ခံစာတွေမှာ ရေးသား ခဲ့ပါတယ်။
ဖလောရန့်မြို့ရှိ အနုလက်ရာများကို ကာကွယ်ဖို့ရန် နိုင်ငံတကာ ကော်မတီ ဖွဲ့ကာ ထိန်းသိမ်းဖို့ အစီအမံများ ပြုလုပ်ကြပါတယ်။ ကမ္ဘာအရပ်ရပ်မှ နိုင်ငံ သားများကလည်း ရွံ့နွံတွေ ကြားထဲက ဖလောရန့်မြို့ကို ပြန်လည် ဆယ်ယူ ဖို့ရာ ဝိုင်းဝန်းကူညီ အားပေးကြပါတယ်။ ယူနက်စကို အဖွဲ့အစည်း မှလည်း ငွေငွေရေးကြေးရေး ထည့်ဝင် လှူဒါန်းနိုင်ရန် ကန့်ပိန်း (Campaign) များ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုမျိုး အတွေ့အကြုံ တွေက တဆင့် စာရေးသူတို့ လူသားတွေဟာ ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှု့ အမွေအနှစ် များ အပေါ် တာဝန် ရှိတယ် ဆိုတဲ့ အသိ မြင့်တက်လာစေပါတယ်။ တကယ်တော့ "အမွေ အနှစ် ( Heritage) " ဆိုတာ အစုအဖွဲ့ က ပိုင်ဆိုင်မှုပါလား။
ယူနက်စကို အဖွဲ့အစည်းမှ ကြီးမှူးကာ ကမ္ဘာ့အမွေအနှစ် ပရောဂျက်များ ချမှတ်ကာ ကမ္ဘာအရပ်ရပ်ရှိ ပျက်စီး ယိုယွင်းနေသော ရှေးဟောင်း အမွေ အနှစ် များကို ပြုပြင် ထိန်းသိမ်းဖို့ရာ ပြုလုပ်ကြပါတယ်။ ဘဏ္ဍာရေး နှင့် အမွေအနှစ် ကော်မတီများ ဖွဲ့စည်းကာ အစီအမံများ ချမှတ်ခဲ့ပါတယ်။ ကော်မတီကလည်း အစဉ်အမြဲ ကမ္ဘာ့အမွေအနှစ် စာရင်း ထဲ ထည့်သွင်းခံ ရတဲ့ စာရင်းကို ထုတ်ပြန်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကမ္ဘာ အရပ်ရပ်မှ လူတွေ ဟာ အမွေအနှစ်တွေ ထိန်းသိမ်းဖို့ရာ အသိအမြင် တွေ ထက်သန် လာစေရန် နှင့် ရှေးမှုမပျက် ပြုပြင် ထိန်းသိမ်းဖို့ရာ အသိအမြင် တွေ ထက်သန်လာစေရန် နှင့် ရှေးမှုမပျက် ထိန်းသိမ်းဖို့ ရည်ရွယ်ပါတယ် ရေရှည် စီမံကိန်းများ ချမှတ်ကာ အမွေအနှစ် များ အပေါ် ပြုပြင် ထိန်းသိမ်း ဖို့ ကြိုးစားပါတယ်။
၂၀၁၉ ခုနစ်၊ မတ်လ (၁၁) ရက်နေ့မှာတော့ ယူနက်စကို အာရှ- ပစိဖိတ် အဖွဲ့အစည်းမှ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွက် “Safeguarding Bagan with the world heritage Framework" အမည်ရှိ နောက်ဆုံး အစီရင်ခံစာ တစ်စောင်ကို Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် လွင့်တင်ခဲ့ပါတယ်။ ထိုအစီရင်ခံစာ ထဲမှာတော့ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် နိုင်အောင် ပြင်ဆင်မှုများ လုပ်ဆောင်နေမှု နှင့် နိုင်ငံတကာ စံချိန်စံညွှန်း နဲ့ အညီ ပြုပြင် ထိန်းသိမ်းဖို့ကို တိုက်တွန်း ထားပါတယ်။ ထို အစီရင်ခံစာ ပေါ်ပေါက်လာဖို့ အတွက် ယူနက်စကို အဖွဲ့အစည်းမှ ပြည်တွင်းရှိ ပညာရှင် များနှင့် ပူးပေါင်းကာ အချိန်ကာလ အဖြစ် ၂၀၁၅ ခုနစ်၊ ဇူလိုင်မှ ၂၀၁၈ မတ်လ အထိ သတ်မှတ် လုပ်ဆောင်ခဲ့ပါတယ်။ ထို အစီရင်ခံစာ အတွင်း အပိုင်း (၆) ပိုင်း ခွဲ တင်ပြထားပါတယ်။ ထို အစီရင်ခံစာ အတွင်း အပိုင်း (၆) ပိုင်းခွဲ တင်ပြထားပါတယ်။
(၁) အကျဉ်းချုပ်
(၂) ပရောဂျက် လက်တွေ့ အကောင်အထည် ဖော်မှုများ
(၃) အောင်မြင်မှု ရလဒ်
(၄) မြေပြင် မြင်တွေ့နိုင်မှု အခြေအနေ
(၅) စိန်ခေါ်မှုများ
(၆) သဘာဝ ပတ်ဝန်းကျင် နှင့် လိုက်လျော ညီထွေ ရှိမှု
တို့ ပါဝင် ဖော်ပြထားပါတယ်။ ပြည်တွင်း၊ ပြည်ပ အသိပညာရှင် အတတ် ပညာရှင်တွေရဲ့ ကြိုးစားမှုနှင့် အတူ အသီးအပွင့်တွေတော့ စာရေးသူတို့ ခံစားရတော့မှာပါ။
ထို့အတူပင် ရခိုင်ပြည်နယ်၊ မြောက်ဦး ယဉ်ကျေးမှုဒေသ ကို ၂၀၁၉ ခုနစ် ထဲမှာ ကမ္ဘာ့ အမွေအနှစ် အဆိုပြု စာတွဲ ( မူကြမ်း) ကို တင်သွင်းနိုင်ရေး နဲ့ ၂၀၂၁ ခုနစ်မှာ ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ် သတ်မှတ်နိုင်ရေး ဆောင်ရွက် နေပါတယ်။ မြန်မာနိုင်ငံကလည်း ယဉ်ကျေးမှု့ အမွေအနှစ် တွေကို စစ်မက်ပဋိပက္ခ အတွင်းကနေ ကာကွယ်ဖို့ 1954 Hague Convention မှာ လက်မှတ် ထိုးထားပါတယ်။ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာအသင်းရဲ့ အတွင်းရေးမှူး ဦးသူရအောင်က "အဲဒီမှာ ပါတဲ့ အချက်တွေကို လိုက်နာဖို့ အဖွဲ့အစည်းတွေကို ညွန်ကြားပိုင်ခွင့် အစိုးရ မှာ ရှိတယ်" လို့ ဆိုပါတယ်။ မည်သို့ပင်ဆိုစေ အပစ်အခတ် အတွင်းမှ ကမ္ဘာ အမွေအနှစ် တင်သွင်းဖို့ ကိစ္စဟာ အတိုင်းအတာ တစ်ခုထိ နှောင့်နှေး ကြန့်ကြာမှာ အမှန်ပင်။ မြောက်ဦး ယဉ်ကျေးမှု ဒေသ ပစ်ခတ်ခံရမှု အပြီး လူမှုကွန်ယက် ပေါ်ရှိ မှတ်ချက် တစ်ခုကိုတော့ ဘဝင် မကျလှပေ။ ထိုသူက "ပုဂံကို ချစ်သလို မြောက်ဦးကိုလည်း တန်ဖိုး ထားပါ" တဲ့။ အမွေ အနှစ် ထိန်းသိမ်းသူ၊ အမွေအနှစ်တွေကို ချစ်မြတ်နိုးသူ မည်သူမဆို လူမျိုးဘာသာ မရွေး လူ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို တာဝန်သိသိနဲ့ ထိန်းသိမ်းနေမှာ အမှန်ပါ။ စာရေးသူ ပြောချင်တာကတော့...
" ပုဂံကိုလည်း ချစ်ပါတယ်
မြောက်ဦးကိုလည်း နှစ်သက်ပါတယ်
သရေခေတ္တရာကိုလည်း မြတ်နိုးပါတယ်
မန္တလေးနန်းတော်ကြီးကိုလည်း အောက်မေ့ပါတယ်
မေခ၊ မလိခ နှင့် ဧရာဝတီမြစ်ကြီးကိုလည်း တမ်းတပါတယ်
ဖောင်တော်ဦး ဘုရားကို ဖူးချင်ပါတယ်
ဇွဲကပင်တောင်၊ ဝိတိုရိယတောင်ကို
တက်ချင်ပါတယ်"
ထိုအရာတွေကို ထိန်းသိမ်းဖို့ရာ ကျွန်ပ်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။
ကိုးကား
" Architectural Heritage as Cultural and Cultural policy in Europe 1960s- 1990s
BBC Burmese (မတ်၁၉၊ ၂၀၁၉)
Comments
Post a Comment