ယူနက်စကို ဘာလဲ ဘယ်လဲ
United Nations Educational Scientific and Cultural Organization (UNESCO) ယူနက်စကို ဆိုတာ ကုလသမဂ္ဂ ပညာရေး ၊သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့အထူးအေဂျင်စီတစ်ခုဖြစ်ကာ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ပျက်စီးခဲ့တဲ့ ပညာရေးကို ပြန်လည် တည်ဆောက်ဖို့နဲ့ ပျက်စီးခဲ့ရတဲ့ကျောင်းတွေ၊ စာကြည့်တိုက်တွေနဲ့ ပြတိုက် တွေကို ပထမ ဦးစွာပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ရာ ဥရောပ မဟာ မိတ်နိုင်ငံများဟာ အင်္ဂလန်နိုင်ငံမှာ အစည်းအဝေးတစ်ရပ်ကို ကျင်းပ ခဲ့ကြပါတယ်။ အစည်းအဝေးရဲ့အရှိန်က မထင်မှတ်လောက်အောင်ပင် ကောင်းလာခဲ့ပါတယ်။ အမေရိ ကန်နိုင်ငံလည်း ဆွေးနွေးပွဲ အတွင်း ဝင်ရောက်လာခဲ့ပါတယ်။ အဆိုပြုချက်များကိုအခြေခံကာ ပညာရေးနဲ့ ယဉ်ကျေးမှုအဖွဲ့အစည်း (ECO/CONF) ကိုဖွဲ့စည်းဖို့ရာ အင်္ဂလန်နိုင်ငံမှာ ၁၉၄၅ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့မှာ စတင်ဆွေးနွေးခဲ့ကြပါတယ်။ ပထမဦးစွာ ကိုယ်စားပြုနိုင်ငံပေါင်း (၄၄) နိုင်ငံမှ သဘောတူကာ အင်တိုက် အားတိုက်ပါဝင်ခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ “အသိဥာဏ်နှင့် လူသားတို့ရဲ့ကိုယ်ကျင့်တရား စုစည်း ညီညွတ်မှု” တည်ဆောက်ဖို့ဖြစ်ပြီး စစ်ပွဲတွေနောက်ထပ်ဖြစ်မလာဖို့ရာ တားဆီးကာကွယ်ရေးပဲဖြစ်ပါတယ်။
ယူနက်စကို၏အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဟာ အထွေထွေညီလာခံ ဖြစ်ပါ တယ်။ ယူနက်စကိုတွင် အဖွဲ့ဝင် (၁၉၅) နိုင်ငံရှိပြီး တွဲဖက်အသင်းဝင် (၇) နိုင်ငံရှိပါတယ်။ ယူနက်စကိုရဲ့ အမြင်(Version) ကတော့ ကမ္ဘာအနှံ့ ငြိမ်းချမ်းရေး၊ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းဖို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိလူသားများဟာ နိုင်ငံရေးနှင့် စီးပွားရေးပြည့်စုံရုံနဲ့ လုံလောက်မှုမရှိဘူးဆိုတာကို ယုံကြည် ပါတယ်။ ကမ္ဘာအနှံ့လူထုကို အသိပညာဗဟုသုတများ ဖြန့်ဖြူးကာ အချင်းချင်း အမုန်းတရားများမပြန့်နှံ့ဖို့ရာ အဓိကကြိုးစား ပါတယ်။ နိုင်ငံ အသီးသီး ရှိကျောင်းနေအရွယ်ကလေးများ စာတက်မြောက်မှု မြင့်မား ရေးအတွက်လည်း ကူညီထောက်ပံ့မှုများ ပေးခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုအမွေအနှစ်များ တန်းတူညီမျှတဲ့ဂုဏ်သိက္ခာရရှိဖို့ရာ အထူး တလည်ကြိုးစားပါတယ်။ ဒီမိုကရေစီဝါဒ ဖွံ့ဖြိုးလာမှုကိုထောက်ခံကာ ကမ္ဘာပေါ်ရှိ ပြည်သူလူထုတွေဟာ မိမိတို့ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော် ပြသနိုင်ခွင့် ရှိရမယ်ဆိုတာကို ယုံကြည်လက်ခံပါတယ်။
ယူနက်စကိုဌာနချုပ်ဟာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ the place de Fontenny မှာတည်ရှိပြီး ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်နေ့မှာ ဖွင့်လှစ် ခဲ့ပါတယ်။ နယ်မြေရုံးပေါင်း ၅၀ ကျော်၊ အထူး လေ့လာသော တက္ကသိုလ်များ နှင့်စင်တာများ ကမ္ဘာ့အနှံ့အပြားရှိပါတယ်။ အင်္ဂလိပ် အက္ခရာ ( Y ) ပုံစံ ဒီဇိုင်းရေးဆွဲထားပြီး နိုင်ငံတကာ ကော်မတီ များရဲ့ လမ်းညွှန်မှုအောက် မှာလုပ်ဆောင်ကာ မတူညီတဲ့နိုင်ငံ (၃)နိုင်ငံမှ ဗိသုကာပညာရှင် (၃)ယောက် စုပေါင်း ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ၄င်းတို့ကို ချစ်စနိုးနဲ့ “သုံးထောင့်ကြယ်လေးတစ်ခု” လို့ခေါ်ကြပါတယ်။ ခမ်းနား ကြီးကျယ်လှတဲ့ အဆောက်အဦ ဖြစ်ကာ ကွန်ကရစ်တိုင်ပေါင်း (၇၂) တိုင် ဖြင့် တည်ဆောက်ထားပါတယ်။
ယူနက်စကိုဌာနချုပ် (ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့)
ဌာနချုပ်တည်ရှိရာဝန်းအတွင်း တစ်ခြား အဆောက်အဦ (၃)ခုထက် ပိုပြီး တည်ရှိပါတယ်။ ဒုတိယမြောက် အဆောက်အဦကတော့ ဂီတတူရိယာ အကော်ဒီယံနဲ့ ကြက်ဥပုံစံဒီဇိုင်းရေးဆွဲထားသည့် ခန်းမကျယ်ဖြစ်ကာ အထပ်ထပ် အတွန့်ပါသော မျက်နှာကြက်ကိုအသုံပြုပြီး ဗိသုကာ ဆန်းသစ်မှုကို ပြသထားပါသည်။ တတိယ မြောက်အဆောက်အဦကတော့ အန်စာတုံးပုံစံ အဆောက်အဦဖြစ်ပြီး စတုတ္ထမြောက် အဆောက်အဦ ထဲမှာ တော့ ရုံးခန်း(၂)ခန်းပါဝင်ပါတယ်။ အဆောက်အဦအတွင်းထင်ရှားတဲ့ အနု လက်ရာများ ရေးဆွဲထားတာကြောင့် ပြည်သူလူထုများ လေ့လာ ကြည့်ရှု နိုင်ဖို့ ဖွင့်လှစ်ပြသထားပါတယ်။ ယူနက်စကိုဌာနချုပ် တည်ဆောက်ခွင့် ရသည် နှင့် ကမ္ဘာပေါ်ရှိထင်ရှားတဲ့ အနုပညာရှင်များမှ ဖန်တီးဖို့ စိတ်အား ထက်သန်စွာ ပါဝင်ကြပါတယ်။ အနုပညာရှင် အသီးသီးမှလည်း အဖွဲ့ကြီး အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းကြပါတယ်။ ဌာနချုပ်အတွင်း ကမ္ဘာကျော်အနုပညာရှင်များဖြစ်ကြတယ့် ပီကာဆို၊ ဘက်ဇင်း၊ မီရို၊ တပိုင်း၊ လီကော်ဘူးစယေး နဲ့တစ်ခြားထင်ရှားတဲ့ အနုပညာရှင်များရဲ့ မတူကွဲပြား တဲ့ ပန်းချီလက်ရာများကို တစ်စုတစ်ဝေး တည်း ပြသထား ပါတယ်။
လီကော်ဘူးစယေး နှင့် ယူနက်စကို
ယူနက်စကိုအဖွဲ့အစည်းအနေနဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရာမှာ နိုင်ငံကြီးတွေရဲ့ အလိုမကျ မှုများကိုခံခဲ့ရပါတယ်။ ၁၉၈၀ ခုနှစ်မှာတော့ အမေရိကန်ဟာ ယူနက်စကိုအဖွဲ့အစည်းကို အပြစ်တင် ဝေဖန်ခဲ့ပြီး ၁၉၈၄ခုနှစ်မှာတော့ အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက် ခဲ့ပါတယ်။ အမေရိကန်နိုင်ငံနှင့်အတူ အင်္ဂလန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ တို့မှ မရှေးမနှောင်း နှုတ်ထွက်ခဲ့ကြပါတယ်။ ၁၉၉၇ ခုနှစ်မှာ အင်္ဂလန်နိုင်ငံဟာ ယူနက်စကို အဖွဲ့အစည်းသို့ ပြန်လည်ဝင်ရောက် လာခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ ၂၀၁၇ ခုနှစ်မှာတော့ စင်္ကာပူနိုင်ငံတို့ ပြန်လည် ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပါလက်စတိုင်းနိုင်ငံ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာတာကြောင့် အမေရိကန်နိုင်ငံဟာ ယူနက်စကို အဖွဲ့အစည်းအပေါ် ထောက်ပံ့မှု ရပ်ဆိုင်းခဲ့ပါတယ်။ အမေရိကန် ကွန်ဂ ရက်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရဖြစ်ပြီး ပါလက်စတိုင်းနိုင်ငံ အဖွဲ့ဝင် ဖြစ်လာမှုအပေါ် မနှစ်မြိုပါဘူး။ ၂၀၁၇ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံဟာ ယူနက်စကိုအဖွဲ့အစည်းကို အစ္စရေးဆန့်ကျင်ရေး သမားများလို့ စွပ်စွဲကာ ထိုနှစ်ကုန်မှာပဲ ယူနက်စကိုမှ ပြန်လည်နှုတ်ထွက်ခဲ့ပါတယ်။ အစ္စရေးနိုင်ငံ ကတော့ အဖွဲ့ဝင်နိုင်ငံ အဖြစ် ကျန်ရှိနေပါသေးတယ်။
၂၀၁၆ ခုနှစ်မှာ ဂျေတုဆလင်အရှေ့ပိုင်းဒေသကို အာရပ်တွေရဲ့ ပိုင်ဆိုင်မှု အဖြစ် အသိအမှတ်ပြုဖို့ စဉ်းစားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇွန်လိုင်လမှာတော့ ဟီဘရွန်ရှေးဟောင်းမြို့နှင့် အထင်ကရသမိုင်းဝင် အုတ်ဂူ ဗိမာန်တော်ကို ပါလက်စတိုင်း ယဉ်ကျေးမှုအမွေအနှစ် အဖြစ် တရားဝင် ကြေငြာခဲ့ပါ တယ်။ ဟီဘရွန်မြို့တော်ဟာ တမန်တော် အေဘရာဟင် လှဲလျောင်း နားခို ရာ ဗိမာန်တည်ရှိတဲ့မြို့ဖြစ်ကာ ဘာသာကြီး (၃) ခုရဲ့ အထင်ကရ နေရာ ဖြစ်ပါတယ်။ သမိုင်းကြောင်း ဖြစ်တည်လာမှုကို အပြန်အလှန် သုံးသပ်ကာ ပါလက်စတိုင်းနိုင်ငံသာ ပိုင်ဆိုင်သင့်တယ်လို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်အစောပိုင်းမှာ အစ္စရေးနိုင်ငံဟာ ယူနက်စကိုမှ နှုတ်ထွက်ခဲ့ပါတယ်။ အင်အားကြီးနိုင်ငံများ နှုတ်ထွက် လာတာကြောင့် ဘဏ္ဍာရေးလည်ပတ်မှု အနည်းငယ်ခက်ခဲစေမှာ မှန် သော်လည်း အဖွဲ့အစည်းကြီးဟာ မည်သည့် နိုင်ငံရေး ဖိအား မှ လက်မခံဘဲ ဘက်မလိုက်တဲ့ အဖွဲ့အစည်းတစ်ခု အဖြစ် ဆက်လက် ရပ်တည်ပါတယ်။
၂၀၀၄ ခုနှစ်အထိ ယဉ်ကျေးမှု အမွေအနှစ်များအတွက် စံညွှန်း ခြောက်ခုနှင့် သဘာဝအမွေအနှစ်များအတွက် စံညွှန်း လေးခု ရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ယင်းတို့ကို ပြင်ဆင်ပြောင်းလဲခဲ့ကာ လက်ရှိတွင် တပေါင်းတည်း စံနှုန်း ဆယ်ခု အဖြစ် သတ်မှတ်ထားသည်။ အဆိုပြုသော နေရာများသည် "ကမ္ဘာ့တန်ဖိုးထားချက်များ" (outstanding universal value) ဖြစ်ရမည် ဖြစ်ပြီး စံညွှန်း ဆယ်ခုအနက် တစ်ခုနှင့်ကိုက်ညီရမည် ဖြစ် သည်။ ယင်း စံညွှန်းများကို စတင် ဖန်တီးစဉ်မှစ၍ ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ယဉ်ကျေးမှု စံညွှန်း
i. "ဖန်တီးနိုင်သော လူသားတို့၏ အပြောင်မြောက်ဆုံး လက်ရာကို ကိုယ်စားပြုမှုကို ဖော်ပြနိုင်ရမည် ဖြစ်ပြီး ယဉ်ကျေးမှု တစ်ခု အတွင်း မြင့်မားသည့် အသိဉာဏ်ရှိ၍ အနုပညာ လက်ရာ မြောက်မှု၊ အတတ်ပညာပိုင်း (သို့မဟုတ်) နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုတို့ဖြင့် သက်သေပြနိုင်ရမည်။"
ii. "အချိန်ကာလတစ်ခုအတွင်း ဗိသုကာဆိုင်ရာ၊ နည်းပညာဆိုင်ရာ အထိမ်းအမှတ် အနုပညာ လက်ရာဆိုင်ရာတို့အား လူသားတို့ ဖန်တီးထားမှုနှင့်အတူ မြို့ပြတည်ထောင်ထားမှု၊ မြေပြင်ရှုခင်း အကွက်ချစီမံထားမှုတို့ကို ဖော်ပြနိုင်ရမည်။"
iii. "ယခုတိုင်တည်ရှိနေသော (သို့မဟုတ်) ပျောက်ကွယ် သွားသော မြို့ပြယဉ်ကျေးမှုတစ်ခု (သို့မဟုတ်) ရိုးရာ ယဉ်ကျေးမှု ဓလေ့ တစ်ခုတို့သည် ပြိုင်ဘက်ကင်း၍သော်လည်းကောင်း၊ ထူးခြား ထင်ရှား၍ သော်လည်းကောင်း သက်သေပြနိုင်ရမည်။"
iv. "လူ့ဘောင်သမိုင်းတွင် ပြောင်းလဲမှု အဆင့်ဆင့်ကို ဖော်ပြေပေး သည့် ထူးခြား ထင်ရှားသော အဆောက်အဦ၊ ဗိသုကာနှင့် နည်းပညာတို့ ပေါင်းစည်းထားသည့် အဆောက်အဦတို့နှင့် မြေယာရှုခင်းပုံဖော်ထားမှုတို့ ရှိရမည်။"
v. "အထူးသဖြင့် နဂိုမူရင်းအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်၍ မရနိုင်တော့သည့် လူ့ယဉ်ကျေးမှု (သို့မဟုတ်) လူသားနှင့် သဘာဝ ပတ်ဝန်းကျင် အပြန်အလှန်အကျိုးပြု ယှဉ်တွဲ နေထိုင် မှုကို ပြဆိုနိုင်သော သာဓကများကို ဖော်ပြနိုင်ရမည်။"
vi. "တိတိကျကျ သို့မဟုတ် သေချာမှုရှိသည့် အထောက်အထား များ ပြနိုင်ပြီး ထူးခြားထင်ရှားသော ရိုးရာဓလေ့များ၊ အတွေး အခေါ်များ၊ ယုံကြည်မှုများ၊ အနုပညာလက်ရာများနှင့် စာပေ ဆိုင်ရာ လက်ရာများ ဖော်ပြနိုင်ရမည်"
သဘာဝ စံညွှန်း
vii. အနုပညာရသ ခံစားမှုပါဝင်ပြီး အရေးပါ၍ ထူးခြားစွာ သဘာဝ အလှတရားရှိသည့် နေရာဒေသများဖြင့် သက်သေပြနိုင်ရမည်။"
viii. "ဇီဝကမ္မဖြစ်စဉ် သို့မဟုတ် ထူးခြားထင်ရှားသည့် ဘူမိဖြစ်စဉ် သို့မဟုတ် မြေမျက်နှာသွင်ပြင်တို့ ပေါ်ထွန်းမှု တို့ ပါဝင်သည့် ကမ္ဘာမြေသမိုင်းနှင့် သက်ဆိုင်သည့် အရာများကို ဖော်ပြနိုင် ရမည်။"
ix. "အပင်နှင့် သတ္တဝါအုပ်စုတို့နှင့် ပင်လယ်ဂေဟစနစ်၊ ကမ်းရိုး တန်းဂေဟစနစ်၊ ရေချိုဂေဟစနစ်၊ ကုန်းတွင်းပိုင်း ဂေဟစနစ်တို့ ဆင့်ကဲ ပြောင်းလဲ တိုးတက်မှုဖြစ်စဉ်တို့ ပါဝင်သည့် ကုန်းမြေ နယ်နိမိတ် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ပြနိုင်ရမည်။"
x. "ထိန်းသိမ်းရေးရှုထောင့်မှ လည်းကောင်း၊ သိပ္ပံနည်းပညာ ရှုထောင့်မှ လည်းကောင်း ကမ္ဘာ့လူသားများနှင့် သက်ဆိုင်သည့် အထင်ကရ တန်ဖိုးရှိနေသည့် အခြိမ်းခြောက် ခံနေရသော မျိုးစိတ်များ ပါဝင်သည့် ဇီဝမျိုးကွဲများ၏ မူရင်းအနေအထား အတိုင်း ထိန်းသိမ်းပြုပြင်စောင့်ရှောက်ခြင်းအတွက် အရေးပါဆုံး နှင့် အထင်ရှားဆုံးသော သဘာဝမှီတင်း နေထိုင်မှု တို့ကို ဖော်ပြ နိုင်ရမည်။"
ခုနှစ် |
ယဉ်ကျေးမှု စံညွှန်း |
သဘာဝ စံညွှန်း |
၂၀၀၂ |
(i) (ii) (iii) (iv) (v) (vi) |
(i) (ii) (iii) (iv) |
၂၀၀၅ |
(i) (ii) (iii) (iv) (v) (vi) |
(viii) (ix) (vii) (x) |
၂၀၁၇ ခုနှစ်၊ ဇူလိုင်လအထိ ကမ္ဘာပေါ်ရှိ (၁၀၇၃) နေရာကို ကမ္ဘာ့ အမွေအနှစ် အဖြစ်သတ်မှတ်ထားပြီး (၁၆၇) နိုင်ငံရှိ ယဉ်ကျေးမှု ဆိုင်ရာ (၈၃၂) နေရာ၊ သဘာဝနေရာ (၂၀၆) ခုနှင့် ရောနှောနေရာ (၃၅) ခု ပါဝင် ပါတယ်။ နိုင်ငံအလိုက်နေရာများအရ အီတလီနိုင်ငံဟာ ထိပ်ဆုံးမှ ရပ်တည် ကာ ကမ္ဘာ့အမွေအနှစ် နေရာ ပေါင်း (၅၃) ခုရှိပါတယ်။ သူ့နောက်မှာ တရုတ်နိုင်ငံ (၅၂) ၊ စပိန်နိုင်ငံ (၄၆)၊ ပြင်သစ်နိုင်ငံ (၄၃)၊ ဂျာမနီနိုင်ငံ (၄၂)၊ အိန္ဒိယနိုင်ငံ (၃၆)၊ မက္ကဆီကိုနိုင်ငံ (၃၄) နှင့် အင်္ဂလန်နိုင်ငံ (၃၁)တို့ အသီးသီး ရှိကြပါတယ်။ မြန်မာနိုင်ငံ မှာတော့ ဟန်လင်းပြူ မြို့ဟောင်း နှင့် ယခု ပုဂံမြို့ဟောင်းတို့ ဖြစ်ကြပါတယ်။
ကမ္ဘာ့အမွေအနှစ် ဟန်လင်းပြူ မြို့ဟောင်း
ယူနက်စကိုအဖွဲ့အစည်း ရန်ပုံငွေစုစုပေါင်း အမေရိကန်ဒေါ်လာ (၁.၂) ဘီလီယံရှိပါတယ်။ ထိုထဲမှ ဒေါ်လာ (၅၄၅.၂) သန်းကို အဖွဲ့ဝင်နိုင်ငံများမှ ထည့်ဝင်လှူဒါန်းပါတယ်။ ဂျပန်နှင့် တရုတ်နိုင်ငံပြီးလျှင် ဂျာမနီ နိုင်ငံဟာ ရံပုံငွေထည့်ဝင်ရာတွင် တတိယနေရာ ရပ်တည်ပါတယ်။ မြန်မာနိုင်ငံဟာ ၁၉၄၉ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် ယူနက်စကို အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ပါတယ်။ ရုံးခန်းကို မူလက ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ မှာ ဖွင့်လှစ်ကြီးကြပ် ပြီး ၂၀၀၉ ခုနှစ်၊ မေလ မှာတော့ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ ပြီး မတည်ငွေ အမေရိကန်ဒေါ်လာ (၁၄) သန်းဖြင့် မြန်မာနိုင်ငံအတွင်း လိုအပ်ချက်များ ကူညီပေးဖို့ရာ စတင်ခဲ့ပါတယ်။ ၂၀၁၉ ခုနစ်၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ မှာ ကျင်းပတဲ့ အကြိမ် (၄၀) မြောက် ယူနက်စကို အထွေထွေ ညီလာခံမှာ မဲပေးပိုင်ခွင့်ရှိတဲ့ အဖွဲ့ဝင် (၁၈၀) အနက် (၁၄၂) နိုင်ငံက စာရေးသူတို့ မြန်မာနိုင်ငံကို ထောက်ခံခဲ့ကြတဲ့အတွက် နှစ် (၇၀) အတွင်း ပထမဆုံး အကြိမ်အဖြစ် အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ်လည်း ရွေးချယ်ခြင်းခံခဲ့ရ ပါတယ်။
၁၉၉၅ ခုနှစ်မှာ စစ်အစိုးရလက်ထက်အတွင်း ပုဂံကို ယူနက်စကိုဝင်ဖို့ လျောက်ထားသော်လည်း အချက်အလက်လိုအပ်ချက်ကြောင့် ပယ်ချခြင်း ခံခဲ့ရပါတယ်။ ယခုအခါ ပုဂံဟာကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်တာ ကြောင့် နိုင်ငံခြားခရီးသည်များ လာရောက်လည်ပတ်ဖို့ မြင့်မားစေနိုင်ပြီး နိုင်ငံခြားဝင်ငွေ တိုးပွားစေနိုင်ပါတယ်။ မြန်မာနိုင်ငံ သားတစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာလည်း မြင့်တက်လာမှာ အမှန်ပါ။ စည်းကမ်း လိုက်နာနိုင်တဲ့ ပြည်သူ၊ စနစ်တကျ စီမံခန့်ခွဲနိုင်တဲ့ အုပ်ချုပ်သူ၊ ထိန်းသိမ်း စောင့်ရှောက် နိုင်တဲ့ ယူနက်စကို အဖွဲ့အစည်း ထိုအရာတွေ အားလုံးပေါင်းလိုက်ရင် ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ကမ္ဘာတည် တရွေ့ တည်တံ့နေဦးမှာပါ…။
[ Live Life Magazine (Facebook Page) မှာ ဖော်ပြပြီး]
ကိုးကား
1. UNESCO website
2. Britannica
3. Why did the US and Isreal leave UNESCO? (Daniel Marwecki, Feb 14, 2019)
4. UNESCO in Myanmar
5. United Nation Website
6. Wikipedia
Comments
Post a Comment