ဗိသုကာ နိဒါန်း
ဗိသုကာ နိဒါန်း
Academic Weekly Educational Journal (Junior) Vol.4, No.22
ဗိသုကာပညာရပ် နှင့် ဗိသုကာပညာရှင်လို့ ဆိုလိုက်လျှင် လူတော်တော် များများက သူတို့နဲ့ ဝေးသွားသလို ခံစားရပါတယ်။ စာရေးသူရဲ့ အမြင် မှာတော့ မဝေးပါဘူး။ ငယ်စဉ်ကတည်းက စာရေးသူတို့ စိတ်ထဲမှာ ဗိသုကာ နဲ့ ပတ်သက်တဲ့ ဖန်တီးမှုတွေနဲ့ အခြေခံ ယူဆချက်တွေ မသိစိတ်ထဲ စွဲနေခဲ့ ပါတယ်။ ဥပမာ- ငယ်စဉ်က ခြေတံရှည် အိမ်ပုံလေး ဆွဲတဲ့အခါမှာ အိမ် အပေါ်ထပ်ကို တက်ဖို့ လှေကားထည့်သွင်းရမှန်း သိတယ်။ ခြံဝင်းလေး အတွင်း သစ်ပင်ပန်းမန်များနှင့် ရေအသုံးပြုဖို့ ရေတွင်းပုံလေး ထည့်သွင်း ဆွဲရမှန်း သိပါတယ်။ လူတွေရဲ့ အခြေခံ လိုအပ်ချက်ဟာ ဘာလဲ ဆိုတာကို စာရေးသူတို့ ငယ်စဉ်ကတည်းက သတိထားမိပါတယ်။ ဒါတွေဟာ ဗိသုကာ ပညာရပ်ရဲ့ အခြေခံအချက် ဖြစ်ပါတယ်။ စာရေးသူတို့နဲ့ မစိမ်းခဲ့ပါဘူး။
ဗိသုကာပညာရပ်ကို အင်္ဂလိပ် အခေါ်အဝေါ်နဲ့ဆို အာခီတက်ချာ (Architecture) လို့ သုံးနှုန်းပါတယ်။ ထိုပညာရပ်နဲ့ အသက်မွေးဝမ်း ကြောင်းပြုနေသူကို အာခီတက် (Architect) လို့ ခေါ်ဝေါ် သုံးနှုန်းလေ့ ရှိပါ တယ်။ မြန်မာဘာသာ အသုံးအနှုန်း မှာတော့ ဗိသုကာ ပညာရပ် နှင့် ဗိသုကာပညာရှင် ဟူ၍ အသုံးပြု ပါတယ်။ " ဗိသုကာ " ဆိုတဲ့ စကားစုဟာ ဝိသုကမ္မ ဆိုတဲ့ ပါဠိပုဒ် မှ ဆင်းသက်လာပါတယ်။ နှစ်ကာလ ပြောင်းလဲ လာတဲ့ အခါမှာတော့ ဝ ကို ဗ ပြု လာပြီး " ဗိသုကာ " ဆိုတဲ့ စကားစု အဖြစ်ပြောင်းလဲ သုံးစွဲလာကြပါတယ်။
ကျွန်တော်တို့ ဗုဒ္ဓကျမ်းလာ ၅၅၀ နိပါတ်တော်တွေ ဖတ်ဖူးမှတ်ဖူး ကြပါ တယ်။ ထို နိပါတ်တော် တွေထဲသိကြားမင်း ဟာ ဥယျာဉ်ဘုံဗိမာန်ကို ဖန်တီးတဲ့အခါမှာ သူကိုယ်တိုင် မဖန်တီးပါဘူး။ ဝိသုကြုံနတ်သားကို တာဝန်ပေးကာ ဆောက်လုပ်ဖန်တီး စေပါတယ်။ ဝိသုကြုံနတ်သားက ကြီးကြပ် ဆောက်လုပ်သူ ဗိသုကာပညာရှင် ဆိုလျှင် မှားမည် မဟုတ်ပါ။ စာရေးသူတို့ ငယ်စဉ်ကတည်းက ပုံပြင်တွေထဲ ရင်းနှီးကျွမ်းဝင်ခဲ့ကြပါ တယ်။
ဗိသုကာပညာရပ်ထဲမှာ အစ်ိတ်အပိုင်း (၃) ပိုင်းပါဝင်ပါတယ်။ (၁) အနုပညာ (၂) နည်းပညာ နှင့် (၃) စိတ်ပညာ တို့ပဲ ဖြစ်ပါတယ်။ စာရေးသူ ဗိသုကာ ကျောင်းသား/ကျောင်းသူတွေကို စာသင်တဲ့အခါမှာလည်း ထိုအချက်တွေ ထည့်သွင်း သင်ကြားလေ့ရှိပါတယ်။ တစ်ချက်ခြင်းစီကို ရှင်းလင်း တင်ပြပါရစေ။
ပထမအချက်အနေနဲ့ ဗိသုကာ လက်ရာတစ်ခု ဖန်တီးတဲ့အခါမှာ ဗိသုကာ ပညာရှင်ဟာ အဆောက်အဦတစ်ခုရဲ့ အလှကို အနုပညာမြောက်စွာ ဖော်ထုတ်ပြသလေ့ ရှိပါတယ်။ အနုပညာဆိုတဲ့ အဓိပ္ပာယ်က လေးနက် လှပါတယ်။ မြန်မာမှု ဗိသုကာကနုတ်ပန်းဆွဲ တွေ အဆောက်အဦ အတွင်း ပါမှ အနုပညာမြောက်တာလား (သို့မဟုတ်) ခေတ်မှီ ဆောက်လုပ်ရေး ပစ္စည်းတွေ အသုံးပြုထားသည့် မော်ဒန် ဗိသုကာလက်ရာ တစ်ခုဟာ အနုပညာမြောက်တာလား တွေးစရာပင်။ ခေတ်ကာလရဲ့ အနုပညာအပေါ် စံ ထားမှုတွေကို ဂရုပြုရမှာတော့ အမှန်ပါ။ ဆရာကြီး ဒေါက်တာ လွင်အောင်ကတော့ အနုပညာမမြောက် မြောက်အောင် အဆောက်အဦ အတွင်း ကနုတ်ပန်းဆွဲတွေ တပ်ဆင်အလှဆင်ခြင်းဟာ ဂျက်လေယာဉ် တောင်ပံမှာ ဟင်္သာအတောင် တပ်ဆင်ထားတာနဲ့ ပမာ တူတယ်လို့ ကြားသိ မှတ်သားဖူးပါတယ်။ အစ၊ အလယ် ၊ အဆုံး ဗိသုကာပညာရှင်ဟာ ဒီဇိုင်းလက်ရာ တစ်ခုကို မိမိရဲ့ ရင်သွေးကဲ့သို့ တာဝန်ယူ ဖန်တီးဖို့ တာဝန် ရှိပါတယ်။ အဆောက်အဦးရဲ့ အလှအပ (aesthetic) ကို ဖော်ထုတ်ပြသဖို့ သာမက နေထိုင်တဲ့သူတွေ သက်သောင့် သက်သာ ရှိဖို့ကို အလေးထား ဖန်တီးရပါတယ်။
ဒုတိယမြောက်အချက်ကတော့ နည်းပညာ ဖြစ်ပါတယ်။ ခေတ်မှီ နည်းပညာရပ်တွေကို မည်သို့ မည်ပုံ လိုက်လျောညီထွေ အဆောက်အဦ ဆောက်လုပ်ရာမှာ အသုံးပြုမည်နည်း။ ဥပမာအနေနဲ့ ဟိုးအရင် ကာလ များမှာ လူနေအိမ်ဆောက်လုပ်တဲ့အခါ ဆောက်လုပ်ရေး ပစ္စည်း အဖြစ် သစ်သားကို အဓိက အသုံးပြု ခဲ့ကြပါတယ်။ ယခုခေတ် ကာလ များ မှာတော့ အဆောက်အဦ ဆောက်လုပ်ရာမှာ သံကူကွန်ကရစ် (Reinforced concrete) နှင့် သံမဏိဖွဲ့စည်းပုံ (Steel structure) နည်းပညာတွေကို အသုံးချ တည်ဆောက်လာကြပါတယ်။ ဗိသုကာ ပညာရှင် အနေနဲ့ ခေတ်ကို အမှီလိုက်နိုင်ဖို့ လိုအပ်သလို နည်းပညာ အသစ် များကို မျက်ခြေ မပြတ် လေ့လာနေဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ ကုန်းဘောင်ခေတ် ဝတ်စား ဆင်ယင်မှု ပုံစံကို မည်မျှပင် ကြိုက်စေကာမှု ယခု ခေတ်ပေါ် အဝတ်အစားကိုသာ ဝတ်ဆင်သွားလာသလိုပါပဲ။ ဗိသုကာပညာရှင် ဟာ အဟောင်းကို နှစ်သက်ပြီး အသစ်တွေကို လက်ခံရသူ တစ်ယောက်ပင်။
တတိယမြောက်အချက်ကတော့ စိတ်ပညာ ဖြစ်ပါတယ်။ ဗိသုကာလက်ရာ တစ်ခုဟာ လူ တွေရဲ့ စိတ်ကို လွှမ်းမိုးပြောင်းလဲနိုင်စွမ်း ရှိပါတယ်။ ဥပမာ- အနေနဲ့ အခန်းတစ်ခန်းကို ဆေးသုတ်တဲ့အခါမှာ ဆေးအရောင် ပေါ်မူတည် ပြီး လူတွေရဲ့ စိတ်ခံစားချက် ကွားပါတယ်။ အရောင်နု အသုံးပြုခြင်းဖြင့် အခန်းဟာကျယ်သွား စေသလို ခံစားရပြီး အရောင် အရင့် အသုံးပြုခြင်းဖြင့် ကျဉ်းသွားစေတဲ့ ခံစားမှုကို ပေးပါတယ်။ အခန်းက အကျဉ်း အကျယ် လိုက်ပြောင်းနေခြင်း မဟုတ်ပေ။ လူတွေရဲ့ စိတ်ခံစားမှုကြောင့်သာ။ ကျွန်တော်တို့ လွှတ်တော်အဆောက်အဦကို လေ့လာကြည့်ရင် အဆောက် အဦး ဖိနပ်ခုံ (plinth) မြင့်မြင့်ထားကာ လှေကားအဆင့်ဆင့်နှင့် ဒီဇိုင်းဆွဲ ထားတာတွေ့မှာပါ။ထိုသို့ ဖန်တီးခြင်းဖြင့် မြင်ရသူရဲ့ စိတ်ထဲမှာ လွှတ်တော် ရဲ့ ခမ်းနားမှု နှင့် ကြီးမြတ်မှုကို ခံစား သိစေနိုင်ပါတယ်။ ဗိသုကာပညာရှင် ဟာ အဆောက်အဦ အမျိုးအစားပေါ် မူတည်ပြီး နေထိုင်သွားလာ သူရဲ့စိတ် ခံစားချက်ကို ပြောင်းလဲဖို့ ကြိုးစားပါတယ်။ ပုဂံမြို့ဟောင်း ရှိ မနူဟာ ဘုရားကို လေ့လာ ကြည့်ခြင်းဖြင့်လည်း သိရှိနိုင်ပါတယ်။ မနူဟာ မင်းကြီး ရဲ့ စိတ်ခံစားချက်ကို ဖော်ထုတ် ပြသထားသည့် ထိုဘုရားကျောင်း ဟာ ဘုရားကျောင်းဆောင် အတွင်း ဝင်ရောက်လာသူ ဘုရားဖူးတွေရဲ့ စိတ်ထဲ ဝယ် မနူဟာမင်းကြီး ခံစားနေရတဲ့ အတိုင်း မွန်းကျပ်တဲ့ ခံစားမှုကို ခံစား ရပါတယ်။
အချုပ်အားဖြင့် ဆိုရရင် ဗိသုကာပညာရှင်တစ်ယောက်ဟာ အဆောက်အဦ တစ်ခုရဲ့ အစပျိုးသူ ဖြစ်ပါတယ်။ ဒီဇိုင်းဆွဲယုံသာမက နောင်ဖြစ်လာ နိုင်မည့် အကျိုးဆက်တွေကို ရေရှည်တွေး ဖန်တီး ရသူများလည်း ဖြစ်ပါတယ်။ ဗိသုကာပညာရပ်ဟာ လူတွေကြားထဲကပဲ ပေါက်ဖွားလာတဲ့ ပညာရပ် တစ်ခုဖြစ်သလို ကျွန်တော်တို့ ကိုယ်တိုင် သည်ပင် ဗိသုကာ အသိုက်အမြုံ တွေထဲ နေ့စဉ်နေထိုင်နေရသူများ ဖြစ်တာကြောင့် ဗိသုကာ ပညာရပ် သည် လူသားအားလုံးနဲ့ မဝေးတဲ့ ပညာရပ်တစ်ခု ဖြစ်ကြောင်း တင်ပြ အပ်ပါတယ်။
Comments
Post a Comment