ဗိသုကာပညာရှင်ဆိုတာ

 

ဗိသုကာပညာရှင်ဆိုတာ

 Academic Weekly Educational Journal (Senior) Vol-8, No.34 


ဗိသုကာပညာရှင်ကို ဗိသုကာ စာရေးဆရာ ဆရာညွန့်ဝင်းလေး က "ဟင်းလင်းကို ဂီတဖွဲ့သူ" လို့ ကဗျာဆန်ဆန် ချစ်စနိုး အမည်ပေးပါတယ်။  ဗိသုကာတန်း ဒုတိယနှစ်မှာ ကထိကဆရာမ ဒေါ်တင့်တင့်စန် က ဗိသုကာပညာရှင်ဆိုတာ Space (ဟင်းလင်း) ကို Define( ပုံဖော်သတ်မှတ်) တဲ့သူ လို့ သင်ကြားတာကို မှတ်သားမိပါတယ်။ "ဟင်းလင်း (space)" ဆိုတာဘာလဲ။ ဥပမာအနေနဲ့ စာရေးသူတို့ ဘောလုံးကွင်း တစ်ကွင်း ဖန်တီးမယ် ဆိုပါစို့။ ဘောလုံးကွင်းလို့ သတ်မှတ်ထားခြင်းမရှိတဲ့ မြေနေရာ ဟင်းလင်း (Space) ကို ဘောလုံးကွင်း တစ်ခု အဖြစ်ဖန်တီးရာမှာ ဘောလုံးကွင်း အင်္ဂါရပ် နဲ့အညီ ဖန်တီးရပါတယ်။ ဘယ်နေရာမှာတော့ ဂိုးတိုင်ထားမယ်။ ဘောလုံးကွင်းတစ်ခုရဲ့ သတ်မှတ်ထားတဲ့ ဧရိယာအတွင်း မျဉ်းကြောင်းများ ဆွဲ ဖန်တီးပြီးမှသာ "ဘောလုံးကွင်း" လို့ ခေါ်ဝေါ်နိုင် တာပါ။ မူလ ပထမ ဘာမှ မသတ်မှတ်ခင် အချိန်ထိ ဘောလုံးကွင်းလို့ ခေါ်ဝေါ်ခြင်း မရှိသေးပေ။  

စာရေးသူလည်း ဗိသုကာတန်း ကျောင်းသား/သူတွေကို ရှင်းပြလေ့ ရှိပါတယ်။ တကယ်လို့ စာသင်ခန်း တစ်ခု ဖန်တီးမယ်ဆို ဘာမှ မရှိတဲ့ အခန်းလွတ် ဟင်းလင်း (Space) ထဲမှာ စာသင်ခန်းရယ်လို့ ဖြစ်လာအောင် ဖန်တီးရပါမယ်။ ထို့သို့ ဖန်တီးရာမှာ လူတွေရဲ့ အခြေခံ လိုအပ်ချက်ကို သတိပြုဖို့လည်း လိုပါတယ်။ စာသင်ခန်းလို့ ဆိုလိုက်လျှင် White Board ဘယ်နားမှာ ထားမယ်၊ စာသင်ခုံတွေကို မည်သို့ မည်ပုံ နေရာချမယ်၊ အတန်းသားတွေ အဆင်ပြေစေဖို့ရာ လေဝင်လေထွက် အလင်းအမှောင် လုံလောက်အောင် ဘယ်လို ဖန်တီးမလဲ။ ဗိသုကာပညာရှင်ရဲ့ စိတ်ကူး စိတ်သန်းနဲ့ အကောင်းဆုံး ပုံဖော် ဒီဇိုင်းဆွဲဖို့ လိုပါတယ်။ ဒါမှသာ ကျောင်းသူ/ကျောင်းသားတွေ အဆင်ပြေနိုင်မယ့် စာသင်ခန်း တစ်ခု ဖြစ်လာမှာပါ။

စာရေးသူရဲ့ အမြင်မှာ ဗိသုကာပညာရှင် တစ်ယောက်ရဲ့ အရည်အချင်းဟာ သူ ဘယ်လောက် ဟင်းလင်း (Space) ကို ပုံဖော်သတ်မှတ် ( Define) နိုင်လည်းပေါ် မူတည်ပါတယ်။ ကမ္ဘာကျော် ဗိသုကာပညာရှင် တော်တော် များများရဲ့ ဗိသုကာ ဒီဇိုင်းကို လေ့လာကြည့်ရင် မြင်သာပါတယ်။ အဆောက်အဦး ရဲ့ အခန်းဖွဲ့ စနစ်ကျမှု၊ လိုက်ဖက်တဲ့ အရောင် (Colour) နဲ့ ဗြက်အနုအရင့် (Texture) အသုံးပြုတက်မှု စသည့် ဖြင့် ခြုံငုံသုံးသပ် ရရင် ဟင်းလင်း (Space) တိုင်းကို အကြားအလပ် မရှိ ဒီဇိုင်းထုတ် ဖန်တီး တာကို တွေ့ရပါတယ်။ ထိုင်းနိုင်ငံ၊ Rangsit University မှာတော့ ကျောင်းသား/သူတွေကို ဆရာ၊ ဆရာမများက ဟင်းလင်း (Space) ကျဉ်းကျဉ်းလေးတွေကို ပရောဂျက်ပေး ဒီဇိုင်းဆွဲခိုင်းတာကို တွေ့ရ ပါတယ်။ နေရာကျဉ်းကျဉ်းလေးကို လှပလာအောင် ဖန်တီးဖို့ ကိစ္စ ဟာ ကျောင်းသား/သူတွေအတွက် အခက်တွေ့ စဉ်းစားယူရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ အလေ့အကျင့် တစ်ခုလို့ မြင်မိပါတယ်။

ဗိသုကာပညာရှင် ကို နောက်ထပ် အရိုးရှင်းဆို အဓိပ္ပါယ် ဖွင့်ကြတာတော့ ဗိသုကာပညာရှင်ဆိုတာ Problem (ပြဿနာ ) ကို Solve (ဖြေရှင်း) တဲ့သူ လို့ ဖွင့်ပါတယ်။ Problem (ပြဿနာ) တွေက ဘာတွေလဲ။  ဖောက်သည် (Client) က သူ့ အိမ် ဒီဇိုင်းနဲ့ ပတ်သက်ပြီး ဘဝင်မကျ အနည်းငယ် အပြောင်းအလဲ လုပ်ချင်နေတာဟာ သူ့ရဲ့ ပြဿနာ  တစ်ခုပင်။ ဒါကို ဗိသုကာပညာရှင်က ဂရုစိုက်နားထောင်ပြီး ဆန်းသစ်ဖန်တီးမှုနဲ့ အတူ ဖောက်သည် (Client) ရဲ့ ပြဿနာ  ကို ဖြေရှင်းပေးရပါတယ်။ နောက်ထပ် ဖြေရှင်းရတာတစ်ခုကတော့ Drawing (ဗိသုကာရုပ်ပုံကား) တွေကို တဖက်သူ နားလည်အောင် ရှင်းပြရခြင်းပင်။

စာရေးသူကတော့ ဗိသုကာကျောင်းသူ/သား တွေကို Drawing (ဗိသုကာရုပ်ပုံကား) ဆိုတာ Just a communication (ဆက်သွယ် ချက်တစ်ခုမျှသာ) လို့ အလွယ်နားလည်အောင် ရှင်းပြပါတယ်။ ဥပမာ- ဖောက်သည် (Client) က နှစ်ထပ်အိမ် တစ်အိမ် ဆောက်ချင်တယ် ဆိုပါစို့။ သူလိုချင်တဲ့ ဗိသုကာဒီဇိုင်းကို ဗိသုကာပညာရှင်နဲ့ ဆွေးနွေးပါတယ်။ ဗိသုကာပညာရှင်က ဖောက်သည် (Client) လိုချင်တဲ့ အိမ်ဒီဇိုင်းကို သူ့ စိတ်ကူးနဲ့ ပေါင်းစပ်ပြီး ပုံကြမ်း (Sketch) ကို စာရွတ်ပေါ်မှာ ရေးခြစ် ပြတယ်။ ဒါကို ဖောက်သည် (Client) က နားမလည်ဘူး ဆိုပါစို့။ ဗိသုကာ ပညာရှင်က နောက်ထပ် တဆင့်တက်ပြီး ပုံကြမ်းကနေ အိမ်ပန္နက်ပုံ (Floor Plan) များနှင့်တကွ အချောသပ် ဆက်လက် ရှင်းပြပါတယ်။ ဒါကိုလည်း နားမလည်သေးဘူး ဆိုပါစို့။ ထို့ထက် တက်ပြီး ဗိသုကာပညာရှင်က နှစ်ထပ်အိမ် ဗိသုကာပုံစံငယ် (Architectural Model) ဖန်တီး ပြလိုက် ရင်တော့ ဖောက်သည် (client) မှာ ရာနှုန်းပြည့် နားလည်သွားမှာ အမှန် ပါ။  ဗိသုကာပညာရှင်က တဖက်သူ နားလည်အောင် နည်းပေါင်းစုံ သုံးပြီး ရှင်းပြနေခြင်းပင်။ ယခုခေတ်မှတော့ နည်းပညာ တိုးတက်လာမှုနှင့် အတူ ကွန်ပြူတာ Software များနှင့်သာမက အဆောက်အဦ တစ်ခုလုံးကို လှုပ်ရှားသက်ဝင်မှု (Animation) ဗီဒီယို နဲ့ တကွ ကြည့်နိုင်သိနိုင်ပါပြီ။

ဗိသုကာပုံစံငယ် (Architectural Model)

အချုပ်အားဖြင့်ဆိုရရင် ခေတ်ကာလတိုးတက်လာမှုနဲ့ အတူ ဗိသုကာ ပညာရှင်ကို အဓိက စိန်ခေါ်လာ တာကတော့ Computer Software တွေ တက်ဖို့ထက် မိမိရဲ့ ဗိသုကာ စိတ်ကူးစိတ်သန်း ဆန်းသစ် နေဖို့ က ပို အရေးကြီးလာတာပဲ ဖြစ်ပါတယ်။ Computer Software တက်သင့် သလောက် တက်ဖို့ လိုအပ်ပေမယ့် စာရေးသူရဲ့ အမြင်မှာတော့ Software ကျွမ်းကျင်သူနဲ့ ဗိသုကာပညာရှင် ကြား ကွဲပြားဖို့ရာ ဗိသုကာ စိတ်ကူး စိတ်သန်း ကွာခြားမှု ရှိဖို့သာ ဖြစ်ပါတယ်။ စိတ်ကူး၊ စ်ိတ်သန်းများ ထက်မြတ်ဖို့ရာ စဉ်ဆက်မပျက်လေ့လာမှု (Long Life Learning) ရှိဖို့ လိုအပ်ပါကြောင်း မြင်မိပါတယ်...။


ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts