မေး ။ ။ အဆောက်အဦ တစ်ခုကို RC နဲ့ ဆောက်မလား။ Steel နဲ့ဆောက်မလား။ Timber နဲ့ဆောက်မလား။ Masonry နဲ့ဆောက်မလား။ Cold form steel နဲ့ဆောက်မလား။ဒါကို ဗိသုကာပညာရှင် တွေဘယ်လိုစဉ်းစားကြသလဲ ဆရာ။

 

ဖြေ။ ။ ဒီမေးခွန်း မြင်တော့ နိုင်ငံခြားသား ဗိသုကာပညာရှင် တစ်ယောက် ကို သွား သတိရမိတယ်။ သူ ကျောင်းသား ဘဝ က လုပ်ခဲ့တဲ့ Project တစ်ခုကို ဆရာတို့ကို ပြတယ်။ သူ့ Project တွေထဲက တစ်ခုက တော်တော်လေး အံ့ဩစရာ ကောင်းတယ်။ အင်္ဂါဂြိုဟ် ပေါ်မှာ တက်ပြီး အဆောက်အဦ ဆောက်ပြထားတာပါ။ ဒါနဲ့ ဆရာ က အင်္ဂါဂြိုဟ် ပေါ်မှာ ဘယ်လိုလုပ် ဆောက်နိုင်မလဲ ဆိုတော့ သူ ပြန် ဖြေတာက - "ကျွန်တော်က နောင်လာမယ့် အနာဂတ် ကို မှန်းပြီး အခု ဒီဇိုင်းကို ဖန်တီးထားတာပါ။ နောင် အနာဂတ်တွေမှာ အင်္ဂါဂြိုဟ် ပေါ်မှာ ဆောက်နိုင်မယ့် ဘယ်လို ဆောက်လုပ်ရေး ပစ္စည်း (Construction Building Materials) တွေ နဲ့ ဘယ်လို ဆောက်လုပ်ရေး နည်းပညာတွေ ပေါ်လာမလဲ ကျွန်တော်တို့ မပြောနိုင်ဘူးလေ။ အချိန်တစ်ခုရောက်လို့ ပေါ်လာတဲ့ အခါ ကျွန်တော့် ဒီဇိုင်းဟာ အဆင်ပြေသွားမှာပါ"တဲ့။ဒီမှာ တင် အဖြေ တချို့ ပါဝင်ပါတယ်။
 
ကွန်ကရစ် မပေါ်မှီ ခေတ်က အခု ကွန်ကရစ် ပေါ်ပြီး ခေတ်ကာလ ပေါ်လာတဲ့ အဆောက်အဦ ဒီဇိုင်း မျိုးတွေ ဆရာတို့ စိတ်ကူးယဉ်ခဲ့ဖူးလို့လား။ ကွန်ကရစ် နည်းပညာကြောင့်ပဲ အဆောက်အဦ ဒီဇိုင်းတွေ တစ်ခေတ်ဆန်း လာခဲ့ပါတယ်။ ကွန်ကရစ်ပေါ်လာပြီးနောက် အရင်ခေတ်ကလို ကျောက်တုံးကြီးတွေနဲ့ ခက်ခက်ခဲခဲ တည်ဆောက်ရတဲ့ ရဲတိုက်ကြီးတွေ ဘယ်သူမှ မတည်ဆောက်ကြတော့ပါဘူး။ ထိုအတူ Steel Structure နည်းပညာ ထွန်းကားနေတဲ့ ခေတ်မှာ ဘယ် ဗိသုကာ ပညာရှင် မှ Timber Structure design (ရေရှည် မခံမှု၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေမှု စသည်ဖြင့်) ကို ပြန်သွားမယ် မထင်ပါဘူး။ ခေတ်ကာလ ဆောက်လုပ်ရေး ပစ္စည်း နည်းပညာ တိုးတက်လာမှုကို ဗိသုကာပညာရှင်က လက်ခံလာရမှာတော့ အမှန်ပါ။ အကျဉ်းချုပ် ပြောရရင် ဗိသုကာပညာရှင်ဟာ လက်ရှိသွားနေတဲ့ ဆောက်လုပ်ရေး နည်း ပညာ အသစ် အသစ်တွေကိုသာ လက်ခံ သင့်ပြီး ဒီဇိုင်းကို စဉ်းစားသင့်ပါတယ်။ ဒီလောက်ဆို ဒီမေးခွန်းလေး အတိုင်းအတာ တစ်ခုထိ ပြည့်စုံ လောက်ပါပြီနော်။
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts