ကလက်စစ်ကယ် (Classical) နှင့် နီယို ကလက်စစ်ကယ် (Neo-Classical)
ဒီဗိသုကာ စတိုင် နှစ်ခုက အနည်းငယ် ရောတက်ပါတယ်။ အမြစ်တူ အပင်တစ်ပင်ရဲ့ အကိုင်းအခက်တွေဆို ပို မှန်ပါတယ်။ စာရေးသူတို့ နိုင်ငံ အတွင်းရှိ ဒီ စတိုင် (၂) ခုကို ပထမဆုံး ရှင်းလင်းတင်ပြပါရစေ။ စာဖတ်သူတို့ ဘုရားကျောင်းကန်တွေ သွားတဲ့ အခါမှာ မြန်မာမှု ဗိသုကာလက်ရာတွေ အမြောက်အမြားတွေ့ ရှိရမှာပါ။ အပြောက်အမွှမ်းများစွာဖြင့် ပြသာဒ်၊ ပန်းဆွဲ၊ ပန်းကနုတ် တွေ မတွေ့ချင်မှ အဆုံး ဆိုသလို တွေ့ရမှာပါ။ မန္တလေးမြို့ ရှိ မြနန်းစံကျော် ရွှေနန်းတော်၊ ရွှေကျောင်းတော် နှင့် အတုမရှိ ကျောင်းတော်ကြီးတွေက မြန်မာတွေရဲ့ သဒ္ဒါတရား နဲ့ အနုသုခုမ ဗိသုကာလက်ရာတွေက သတ်သေထူနေပါတယ်။ ဒါတွေ အားလုံးကို မြန်မာ့မှု ဂန္တဝင် ဗိသုကာ (Classical Architecture) လက်ရာတွေလို့ စာဖတ်သူတို့ ဆိုနိုင်ပါတယ်။
ဘယ်အချက်တွေကြောင့် ဆိုဖွယ်မရှိ။ တွေ့မြင်ယုံနဲ့တင် သာမန်ထက် ထူးခြားသာလွန်တဲ့၊ ယခုခေတ် အထိတိုင် ပြန်လည် တည်ဆောက်ဖို့ရာ ခဲရင်းတဲ့ အနုစိတ် မြန်မာ့မှု ပန်းပု၊ ပန်းချီ၊ ဗိသုကာ လက်ရာတွေကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်းရှိ မည်သို့သော အဆောက်အဦက နီယို ကလက်စစ်ကယ် (Neo- Classical) ဗိသုကာလက်ရာ ဖြစ်ပါသလဲ။ ရန်ကုန် မြို့တော်ခန်းမ အဆောက်အဦ ဖြစ်ပါတယ်။ ဗိသုကာဆရာကြီး ဦးစည်သူဦးတင် ရဲ့ ဗိသုကာလက်ရာ တစ်ခုပါ။ ဘယ်အချက်တွေကို စာရေးသူ Neo classical လို့ သတ်မှတ်တာလဲ။ အဓိက အကြောင်းရင်းက ပြောင်ချောတဲ့ မျက်နှာပြင် (Plain wall) နဲ့ မြန်မာမှု ဗိသုကာကို အချိုးကျ ပေါင်းစည်းထားတာပါပဲ။ ပို၍ လွယ်ကူအောင်ဆိုရရင် Classical Architecture လက်ရာကို တဆင့် လျော့ထားခြင်း ဖြစ်ပါတယ်။ Classical Architecture လို့ သတ်မှတ်နိုင်ဖို့ရာ တခြားသော ဗိသုကာအစိတ်အပိုင်း အပြောက်အမွှန်းတွေ ထပ်ထည့်နိုင်ဖို့လိုပါသေးတယ်။ နောက်ထပ် ဥပမာ အနေနဲ့ အမေရိကန်နိုင်ငံ ရှိ အိမ်ဖြူတော် အဆောက်အဦကလည်း Neo- Classical ဗိသုကာလက်ရာ ဖြစ်ပါတယ်။
ဒါဖြင့် စာရေးသူတို့ စတိုင် (၂) ခုရဲ့ အခြေခံ အကြောင်းတရား ဘက်ကနေ လေ့လာကြည့်ဖို့ လိုပါတယ်။ ဒါက ယေဘုယျ သဘောတရားပါ တရားသေ မဟုတ်ပါဘူး။ (ဗိသုကာပညာရပ်မှာ တရားသေဆိုတာကို မရှိပါဘူး)
Classical Architecture လက်ရာဆိုတာ
- အဆောက်အဦး ဒီဇိုင်းဟာ ခေါက်ချိုးညီ (symmetry) ဖြစ်ရမယ်။
- အပြောက်အမွှမ်း ပန်းပွင့်၊ ပန်းခက်များ (မြန်မာ- ကနုတ် ပန်းဆွဲ) တွေ အမြောက်အမြား ပါဝင်ရမယ်။
- လူသားပန်းပု၊ တိရစ္ဆာန် ပန်းပု များကို အဆောက်အဦ အလှဆင်ရဖို့ အသုံးပြုရမယ်။
Neo- Classical လက်ရာဆိုတာ
- အဆောက်အဦး ဒီဇိုင်းဟာ ခေါက်ချိုးညီ (symmetry) ဖြစ်ရမယ်။
- အဆောက်အဦး အမြင့်ထိ ရှိတဲ့ တိုင် (column) တွေ ပါဝင်ရမယ်။
- အဆောက်အဦ အရှေ့မျက်နှာစာမှာ မြင့်မိုရ်ပိတ် (Pediment) (တြိဂံ ပုံစံ) ပါဝင်ရမယ်။
- အမိုးဟာ လိပ်ခုံး ဖြစ်ရမယ်။
Classical Architecture ဟာ ရှေးလွန်လေပြီးသော ခေတ်ကာလ ရောမ နှင့် ဂရိ တို့ရဲ့ အဓိက သဘောတရားက ပေါက်ဖွားလာတယ်လို့ ဆိုပါတယ်။ တချို့ကတော့ ရှေးခေတ်ရောမ ဗိသုကာပညာရှင်ကြီး Vitruvius ရဲ့ ဒီဇိုင်းသဘောတရား နဲ့ အဓိက နီးစပ်တယ်လို့လည်း ဆိုပါတယ်။ Neo-Classical ကို New Classical လို့လည်း ခေါ်ဝေါ်ပါတယ်။ ၁၈ ရာစု အစောပိုင်း မှသည် ၁၉ ရာစု ထိ ပေါ်ပေါက် ခေတ်စားခဲ့ပါတယ်။ အသစ် လို့ ဆိုကတည်းက ရှေးရိုးဆွဲ အယူအဆ တွေကို အနည်းငယ် တော်လှန်ပြောင်းလဲပြီ။သို့သော်လည်း နဂို ပေါက်ဖွားပေးလိုက်တဲ့ မိခင် Classical ဆိုတာကိုလည်း မပယ်သတ်ပါဘူး။ အသစ်ကို မျှော်ကြည့်ရင်း အဟောင်း ကို လက်တွဲထားရင်း နဲ့ပါ။
အချုပ်အနေနဲ့ ဆိုရရင် Classical က သီအိုရီ ကိုသာ အခြေခံပေမယ့် Neo- Classical ကတော့ သီအိုရီ နှင့် ဗိသုကာပညာရှင်ရဲ့ လွတ်လပ်တဲ့ စိတ်ကူးစိတ်သန်း ပေါင်းစပ်ထားတယ် ဆိုပါရစေ။
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)



Comments
Post a Comment