မေး။ ။ ဆရာ Architecture မှာ Zoning ဆိုတာ ဘာကို ပြောတာလဲ။

 

ဖြေ။ ။ အရှင်းလင်းဆုံး ရှင်းပြပါရစေ။ ဥပမာ- ဆရာတို့ Shopping Centre တစ်ခုကို လေ့လာ ကြည့်ရင် တစ်ထပ် နဲ့ တစ်ထပ် ရောင်းချတဲ့ ပစ္စည်း မတူပါဘူး။ ဆိုကြပါစို့ ။ မပေါ်ဆုံး ထပ်မှာ လျှပ်စစ် ပစ္စည်းလေးတွေ နဲ့ ကလေး ကစားစရာ၊ ကစားကွင်းတွေ အများအားဖြင့် ထားကြပါတယ်။ အဝတ်အစား အထပ်ဆို အဝတ် အစားဆိုင်ခန်း တွေပဲ ထားတာမျိုး သက်ဆိုင်ရာ ရောင်းချ တဲ့ ပစ္စည်း အပေါ် မူတည်ပြီး ခွဲခြားထား ပါတယ်။ ဒါကို Zoning ခွဲထားတယ် လို့ ဆိုနိုင်ပါတယ်။
 

 
Zoning ခွဲဖို့က တစ်ခု နဲ့ တစ်ခု ရဲ့ ဆက်စပ် အသုံးပြုပုံ ဆောင်တာ (Function) ကို သိဖို့ လိုပါတယ်။ ဥပမာ- အိမ် အခန်းဖွဲ့ရာမှာ ထမင်းစားခန်း (Dining Room) နဲ့ မီးဖိုဆောင် (Kitchen) ဆိုတဲ့ ဆောင်တာ နှစ်ခုကို အနီးကပ် ထားလေ့ ရှိကြပါတယ်။ ဒါကို မီးဖိုဆောင်ကို အိမ် အပေါ်ထပ်မှာထား၊ ထမင်းစားခန်းကို အိမ် အောက်ထပ်မှာထားရင် ဆက်စပ်မှ အဆင်ပြေမယ့် ဆောင်တာ (၂) ခု ကွဲသွားတဲ့ အခါ အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ အနိမ့်ဆုံးတော့ အပေါ်ထပ်မှာ ချက်ပြုတ်ပြီး သမျှ အောက်ထပ်ကို တကူးတက သယ်ဆောင်လာရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Zoning မခွဲမှီ တစ်ခု နဲ့ တစ်ခု ဆက်စပ်မှု ကို သိဖို့ လိုပါတယ်။
 
 

 
ဗိသုကာပညာ တစ်ခုထဲကြောင့် Zoning ခွဲတယ် ဆိုတာထက် အဆောက်အဦ အတွင်း နေထိုင် အသုံးပြုသူတွေ အဆင်ပြေစေဖို့ အတွက် လည်း ဖြစ်ပါတယ်။ နောက်ထပ် ဥပမာ အနေနဲ့- မန်နေဂျာ ရုံးခန်းကို အပေါ်ဆုံး ထပ်မှာထား၊ ဝန်ထမ်း အလွှာတွေက အောက်ဆုံး ထပ်မှာသာ ထားရင် ရုံး အုပ်ချုပ်ရေး မှာ အဆင်ပြေချောမွေ့ဖို့လည်း ခက်ခဲ သွားနိုင်ပါတယ်။ ဒါတွေကို သတိပြု Zoning ခွဲခြားနိုင်ဖို့ လိုပါ တယ်။ မြေကွက် အကျယ် တစ်ခုမှာ စာသင်ကျောင်း တစ်ခု ကို ဒီဇိုင်းဆွဲမယ် ဆိုပါစို့။ စာသင်ဆောင်၊ ကျောင်း အုပ်ချုပ်ရေးဆောင် များနှင့် တခြားသော အနားယူ အပန်းဖြေဖို့ (ကစားကွင်း) များကို ဘယ်လို အဆင်ပြေအောင် ဆက်စပ်ပေးနိုင်မလဲ ဗိသုကာပညာရှင် ရဲ့ ဟင်းလင်း (Space) အပေါ် သတ်မှတ် (Define) နိုင်မှု အပေါ်မှာ မူတည်ပါတယ်။ 
 
မြို့ တစ်မြို့ လုံး အနေနဲ့ ဒီဇိုင်းဆွဲရမယ်ဆိုရင်လည်း လူနေအိမ်တွေကိုတော့ ဘယ်နားမှာ အစုလိုက်နေရာချမယ်၊ အစိုးရ ရုံးဌာနတွေ၊ ဆေးရုံတွေကိုတော့ ဘယ်နားမှာထားမယ်။ ပန်းခြံ အပန်းဖြေဖို့ နေရာတွေကိုတော့ မည်သို့ မည်ပုံ နေရာချမယ် စသည်ဖြင့် အကောင်းဆုံး Zoning အလိုက် ခွဲခြား သတ်မှတ် နေရာချ ဖို့ လိုအပ်ပါတယ်။ ဗိသုကာ Drawings တွေမှာတော့ Zone အလိုက် အရောင်ခွဲခြား ဖော်ပြကာ ရေးဆွဲလေ့ပြီး Bubble Diagram တွေနဲ့ စဉ်းစားလေ့ ရှိပါတယ်။ ဒီလောက်ဆို Zoning အကြောင်း အတိုင်းအတာ တစ်ခုထိ နားလည်မယ်လို့ ယူဆပါတယ်။
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts