ဗိသုကာပညာရှင်က အင်ဂျင်နီယာလား

ယေဘုယျ အဖြေ အနေနဲ့ မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဘယ် အချက်တွေက မဟုတ်တာလဲ။ ရှင်းပြပါရစေ။ တကယ်တော့ ဗိသုကာ ပညာရပ်ဟာ ခံစားမှု နှင့် ကိုယ်ပိုင် တွေးခေါ် ဖန်တီးနိုင်မှု အပေါ် အခြေခံထားတဲ့ ဝိဇ္ဇာပညာရပ် (Arts ) ပါဝင်တဲ့ ပညာရပ် တစ်ခု ဖြစ်ပါတယ်။ ခံစားမှုဆိုတဲ့ အရာမှာ မိမိကိုယ်တိုင် ဒီဇိုင်း အပေါ် ခံစားမှု နှင့် မိမိ အဆောက်အဦကို မြင်တဲ့ သူတွေရဲ့ ခံစားမှု ကို ကစားနိုင်မှု တို့ ပါဝင်ပါတယ်။ ဥပမာ - မိမိ အဆောက်အဦးကို မြင်တဲ့ သူတွေ ကို ခမ်းနားတဲ့ ခံစားချက်မျိုး ပေးချင်တာလား၊ ဖိတ်ခေါ်နေတဲ့ ခံစားချက်မျိုး ပေးစေမှာလား။ ထို့ကြောင့်လည်း ဗိသုကာပညာရပ်ဟာ ဖော်မြူလာခွင်ကျ ထွက်ပေါ်လာခြင်း မဟုတ်။ ဗိသုကာ ဆရာ/ဆရာမ အနေနဲ့ကလည်း နှစ်ထပ်အိမ်ဆိုရင်တော့ ဒီလိုပုံစံမျိုး ဆွဲရတယ် ဆိုတာမျိုး သင်ကြားပေးတာ မရှိပါဘူး။

ကိုယ်ပိုင်ဖန်တီး ဒီဇိုင်းရေးဆွဲတယ်ဆိုတော့ ပန်းချီဆရာနဲ့ တူလား။ မတူပါဘူး။ကိုယ်ပိုင်ဖန်တီးတယ်ဆိုတဲ့ အရာမှာ ပန်းချီဆရာက လွတ်လပ်စွာ တွေးခေါ်ရေးဆွဲနိုင်ပါတယ်။ ပန်းချီဆရာအ​နေနဲ့ အိမ်မှာ အတောင်ပံတပ် ဖန်တီးရေးဆွဲလိုက်လည်း ရနိုင်ပါတယ်။ ခံစားမှုကို ဦးစားပေးနိုင်ပါတယ်။ ဗိသုကာပညာရှင်ကတော့ ထိုသို့ မဟုတ်။ကိုယ်ပိုင် ဖန်တီးတယ်ဆိုတဲ့ အပေါ်မှာတော့ ဘောင်သတ်မှတ်ခြင်းတော့ ခံရပါတယ်။ မိမိဖန်တီး လိုက်တဲ့ အရာက လက်တွေ့ဖြစ်လာနိုင်ဖို့သာ ဖြစ်ရပါတယ်။ တွေးခေါ်မှုက သိပ္ပံ နည်းကျ တွေးခေါ်မှု (Scientific way of Thinking ) ပဲ ဖြစ်ရပါမယ်။လက်တွေ့ ဆောက်လုပ် ဖန်တီးတဲ့ သိပ္ပံ ပညာရပ် (Construction based Science) တစ်မျိုးလည်း ဖြစ်လာပါတယ်။ လက်တွေ့ဖန်တီးတဲ့ သိပ္ပံ အတက်ထဲ ဘာတွေ ပါဝင်ပါသလဲ။ ဥပမာ- ဆောက်လုပ်ရေးနည်းပညာရပ် နှင့် လူနေထိုင်ဖို့ သင့်တော်ဖို့ရာ အဆောက်အဦ အတွင်းရှိ ဝန်ဆောင်မှု (Building Service) တို့ကို သိရှိဖို့ လိုအပ်ပါတယ်။ ထိုအရာတွေကြောင့် ဗိသုကာပညာရပ်ကို စာရေးသူ အနေနဲ့ ဝိဇ္ဇာ နဲ့ သိပ္ပံ အချိုးကျပေါင်းစည်းထားတဲ့ ပညာ ဖြစ်လို့ ဝိပ္ပံ ပညာရပ်လို့ ဆိုပါရစေ။ ဝိပ္ပံပညာရပ်လို့ ဆိုကတည်းက အင်ဂျင်နီယာပညာရပ် နဲ့ ကွဲပြားသွားပြီဆိုတာကို စာဖတ်သူတို့ နားလည်မယ်လို့ ယူဆပါတယ်။
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts