မြို့ပြဖွဲ့စည်းမှု ဗိသုကာ
မြို့ပြဖွဲ့စည်းမှု ဗိသုကာ
မြို့ပြ ဖွဲ့စည်းမှု ဗိသုကာ (Urban Planning) လို့ ဆိုလိုက်လျှင် ကျယ်ပြန့် တဲ့ ဘာသာရပ် တစ်ခု အနေနဲ့ စာရေးသူ မြင်မိပါတယ်။ မြို့တစ်ခု လုံး ဖွဲ့စည်း တည်ဆောက် ဒီဇိုင်း ဆွဲတယ်ဆိုတဲ့ အခါမှာ သက်ဆိုင်ရာ အသိ ပညာရှင်၊ အတက်ပညာရှင်တွေ အားလုံး စုစည်းနိုင်ဖို့ လိုလာပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်း ပါလာကြပါတယ်။ ယေဘုယျ အနေနဲ့ မြို့ပြဖွဲ့စည်းသူ (Urban Planner) တွေ၊ မြို့ပြ အင်ဂျင်နီယာ (Civil Engineer) တွေနဲ့ ဗိသုကာပညာရှင် (Architect) တွေ ပါဝင်ကြပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ သဘာဝပတ်ဝန်းကျင် နဲ့ ပတ်သက်တဲ့ ပညာရှင်တွေပင် ပါဝင် လာနိုင်ပါတယ်။
မြို့ပြဖွဲ့စည်းမှု ဗိသုကာရဲ့ သမိုင်းဟာ ကြာမြင့်လာခဲ့ပါပြီ။ သမိုင်း အဆက်ဆက် စာရေးသူတို့ ဘိုးဘွားဘီဘင် အဆက်ဆက် ကတည်း က မြို့၊ ရွာ တွေ တည်ဆောက်ခဲ့ကြတယ်။ မြို့၊ ရွာ တွေ စုပေါင်းပြီး နိုင်ငံ အနေနဲ့ ဖြစ်လာခဲ့ကြတယ်။ ပြင်ပ ကျူးကျော်မှု ဒဏ်ကို ခံနိုင်ဖို့ရာ မြို့ရိုးတွေ အထပ်ထပ် ကာရန် ကြတယ်။ မြို့ဖွဲ့စည်းမှု ပုံသဏ္ဌာန် ကို စက်ဝိုင်းပုံစံ နဲ့ လေးထောင့်ကွက် ပုံစံ စသည်ဖြင့် စိတ်ကြိုက် ပုံစံဖော် တည်ဆောက်ခဲ့ကြတယ်။ ရှေးမြို့ပြ အများစုဟာ စားဝတ်နေရေး ပြေလည် စေဖို့ရာ မြစ်တွေ၊ ချောင်းတွေရဲ့ ဘေးမှာ တည်ခဲ့ကြတယ်။ ရေအရင်းအမြစ် ဟာ အရေးကြီးဆုံး တစ်ခုလည်း ဖြစ်လာခဲ့ကြတယ်။ ကိုးကွယ်ယုံကြည်မှု နဲ့ သက်ဆိုင်တဲ့ ဘုရားကျောင်းတွေ၊ ဘုရင် နန်းတော်တွေ၊ အများပြည်သူ ဈေး ရောင်းဝယ်ဖောက်ကားဖို့ရာ နေရာ ထိုင်ခင်းတွေ နဲ့ လူနေအိမ် မြေနေရာတွေ စသည်ဖြင့် စနစ်တကျ သတ်မှတ် ဖွဲ့စည်းခဲ့ကြတယ်။ ဂရိနိုင်ငံ၊ အေရိုပိုးလစ် တောင်ကုန်းကြီးပေါ်ရှိ အေသင်မြို့ဟောင်းကို လေ့လာကြည့်ရင် ပြည်သူလူထုများ အပန်းဖြေဖို့ Theatre of Dionysus ဆိုတဲ့ လူပေါင်း (၁၇၀၀၀) ဆန့် ပြဇာတ်ရုံတွေ တည်ဆောက်လာ ကြတယ်။ အသံစနစ်လည်း အထူးကောင်းမွန် လှတယ်လို့ မှတ်တမ်းတွေ ရှိပါတယ်။
Theatre of Dionysus
"အနုပညာမှာ ဂရိ၊ နည်းပညာမှာ ရောမ" ဆိုသလို အေသင်မြို့ပြဟာ အနုပညာမှာ ထိပ်ဆုံး ရောက်ခဲ့ပါတယ်။ ရောမမြို့ပြ ဖွဲ့စည်းရာမှာတော့ နည်းပညာ ပါဝင်လာမှု များပြားလာခဲ့ကြတယ်။ မြို့တစ်ခုရဲ့ အခြေခံ လိုအပ်ချက် (Infrastructure) ကို ပိုပြီး စဉ်းစားလာခဲ့ကြတယ်။ မြို့တွင်း နေ ပြည်သူများ ရေအသုံးပြုနိုင်ဖို့ ရေကို ခဲရာခဲဆစ် တောင်တန်းတွေကို ဖြတ်ကျော်ကာ Roman aqueduct ဆိုတဲ့ ရေမြောင်းပုံစံပိုက် မှ တဆင့် ရေပေးဝေ နိုင်ခဲ့တယ်။ မြို့တွင်း ရေပေးဝေနိုင်တာကြောင့် လူနေမှု အဆင့်အတန်း မြင့်မားခဲ့ပြီး အနားယူဖို့ရာ ရေချိုးခန်း များ ပေါ်ပေါက် လာခဲ့ကြပါတယ်။ ရှေးအဆက်ဆက် ကတည်းက လူတွေရဲ့ လိုအပ်ချက် အပေါ် အခြေခံကာ မြို့ပြဖွဲ့စည်းမှု ဗိသုကာ (Urban Planning) ဟာ တဖြည်းဖြည်း ပေါ်ပေါက် လာခဲ့ကြတယ်။ စာရေးသူ အမြင်မှာ ဘယ်အချိန် က စ ပေါ်ခဲ့သလဲဆို ကမ္ဘာဦးအစ လူတွေ စုဝေးပြီး နေထိုင်လာခဲ့ကတည်း က Urban planning ပေါ်ပေါက်လာတယ်လို့ ဆိုနိုင်ပါတယ်။
Roman aqueduct
ထိုအကြောင်းတွေကို စာရေးသူ ကျောင်းသား/သူတွေနဲ့ ဆွေးနွေးပြီးရင် မြို့တစ်မြို့ အခြေခံလိုအပ်ချက် (Infrastructure) ဆိုတာဘာလဲကို မေးခွန်းထုတ်လေ့ရှိပါတယ်။ အခြေခံလိုအပ်ချက် ဆိုတဲ့ထဲမှာ သယ်ယူ ပို့ဆောင်ရေးစနစ်၊ ရေပေးဝေမှုစနစ် ၊ မိလ္လာ ရေမြောင်းစနစ်၊ လျှစ်စစ် ပေးဝေမှု စနစ် နှင့် ဆက်သွယ်ရေးစနစ် တို့ ပါလာပါပြီ။ အနီးစပ်ဆုံး စာရေးသူကတော့ ရန်ကုန်မြို့ရဲ့ အခြေခံလိုအပ်ချက် (Infrastructure) ကောင်း၊ မကောင်း မေးခွန်းထုတ်လေ့ရှိတယ်။ ကျောင်းသား/သူ အားလုံး တစ်ညီတညွတ်ထဲ ခေါင်းခါကြပါတယ်။ စာဖတ်သူတို့လည်း ခေါင်းခါမိမှာ အမှန်ပါ။ ဟုတ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အခြေခံလိုအပ်ချက် က အများကြီး တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နောက်ကောက်ကျနေခဲ့ပါပြီ။
တခြားကဏ္ဍတွေထား သယ်ယူပို့ဆောင်ရေး စနစ်မှာတင် စာရေးသူတို့ နိုင်ငံမှာ မြို့ပတ်ရထား နဲ့ YBS သာ အားကိုးရတယ်။ မြို့ပတ်ရထား ဘူတာ များဟာ ကိုယ်သွားလိုရာနေရာနဲ့ အလှမ်းဝေးတာကြောင့် အများပြည်သူ များ အသုံးပြုရာ အခက်အခဲဖြစ်စေပါတယ်။ ထို့အတွက်ကြောင့် သယ်ယူ ပို့ဆောင်ရေးမှာ YBS တစ်ခုထဲသာ အားကိုးစရာ အနေနဲ့ စာရေးသူတို့ ရှိနေခဲ့ကြပါတယ်။ တခြားစနစ်များရဲ့ လိုအပ်ချက် တွေကိုတော့ စာဖတ်သူ တို့ နဖူးတွေ့၊ ဒူးတွေ့ လက်တလော ကြုံနေရတာမို့ ထွေထွေ ထူးထူး မရှင်းပြတော့ပါဘူး။ ရန်ကုန်မြို့တွင်း ကားလမ်းပိတ် မှုများကြောင့် အချိန်ကုန် လူပင်ပန်းတာတွေလည်း စာရေးသူတို့ ကြုံရပါတယ်။ ကိုယ်ပိုင် ယာဉ် အသုံးပြုမှု များလာတာနဲ့ ရှိရင်း လမ်းအနေအထားတွေ ကြောင့် လည်း ဖြစ်ပါတယ်။ တကယ်တော့ မြို့ရဲ့ အများပြည်သူ သယ်ယူ ပို့ဆောင် ရေး စနစ် (Public Transportation) သာ အမှန်တကယ် ကောင်းရင် ကိုယ်ပိုင်ယာဉ် အသုံးပြုမှု လျော့နည်း လာနိုင်ပါတယ်။
ဥပမာအနေနဲ့ လန်ဒန်မြို့ကနေ လီဗာပူးလ်မြို့ကို ရထားနဲ့သွားရင် ကြာမြင့်ချိန် (၂) နာရီ (၁၄) မိနစ်ကြာမြင့်ပါတယ်။ မိမိကိုယ်ပိုင်ကားနဲ့ သွားရင်တော့ ကြာမြင့်ချိန် (၃) နာရီ ကျော်သွားနိုင်ပါတယ်။ စာရေးသူ အနေနဲ့ စဉ်းစားမိရင် သာမန်အလုပ်ကိစ္စမျိုးတာဆို ရထားကိုသာ သုံးမိမှာ အမှန်။ မိမိ ကိုယ်ပိုင်ယာဉ်နဲ့ဆို ကုန်ကျစရိတ် နဲ့ ကြာမြင့်ချိန် ပို ထိခိုက် လာလို့ပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ယာဉ် အသုံးပြုမှု နည်းလာခဲ့ရင် လမ်းပိတ်ဆို့ မှု လည်း လျော့နည်းလာနိုင်မှာ အမှန်ပါ။ နောက်တစ်ချက် ကတော့ အများပြည်သူတွေ အေးချမ်းစွာ လမ်းလျှောက်နိုင်ဖို့ လမ်းမဘေး ပလက်ဖောင်းတွေ စနစ်တကျ ရှိဖို့လည်း လိုပါသေးတယ်။ အန္တရာယ် ကင်းကင်းနဲ့ လျှောက်ချင်လာအောင် ဖန်တီးပေးဖို့သာ လိုအပ်တာပါ။ အခု စာရေးသူ ပြောသွားတာတွေက တကယ့် အခြေခံတွေပါပဲ။
နောက်ထပ် မြို့ပြဖွဲ့စည်းရာမှာ အရေးကြီးတဲ့ အချက်ကတော့ မြို့တိုးချဲ့ တာပါပဲ။ (၁၈၂၃) ခုနစ်မှာ ရန်ကုန်မြို့ရဲ့ လူဦးရေဟာ (၃၀၀၀၀) ခန့် ရှိခဲ့ပါတယ်။ (၁၈၅၂) ခုနစ်မှာတော့ အင်္ဂလိပ် အစိုးရဟာ ရန်ကုန်မြို့ကို အဓိက နိုင်ငံရေးနဲ့ စီးပွားရေး မြို့တော် အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ Army Engineer Lt.Alexander Fraser ရဲ့ ဒီဇိုင်း အပေါ် အခြေခံကာ ရန်ကုန်မြိုပြ ဖွဲ့စည်းပုံကို ထပ်တိုးချဲ့ ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် မတိုင်ခင်မှာ ရန်ကုန်မြို့ ရဲ့ ၅၅ ရာခိုင်နှုန်း လူဦးရေ (၅၀၀၀၀၀) ခန့်ဟာ အိန္ဒိယလူမျိုးအများစုနဲ့ အရှေ့တောင်အာရှ နိုင်ငံသားတွေ ဖြစ်ခဲ့ကြ ပါတယ်။ သုံးပုံပုံ တစ်ပုံ ခန့်သာ မြန်မာလူမျိုးတွေ ဖြစ်ပါတယ်။စာရေးသူ အဓိက ပြောချင်တာတော့ လူဦးရေများလာသည်နှင့် အမျှ မြို့တိုးချဲ့ လာတာကို ပါပဲ။ အင်္ဂလိပ်အစိုးရ က တိုးလာတဲ့ လူဦးရေ အပေါ် အခြေခံကာ စနစ်တကျ တိုးချဲ့ နိုင်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး နိုင်ငံရေး အပြောင်းအလဲတွေနဲ့ အတူ မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ အဆက်အသွယ် ပျက်ခဲ့ပါတယ်။ လူဦးရေ တိုးပွားလာမှု နှင့်အတူ အစိုးရဟာ အသိပညာ ရှင်တွေနဲ့ ပူးပေါင်းဖို့ အားနည်းခဲ့ပါတယ်။ ထို့အတွက်ကြောင့် အင်္ဂလိပ် ခေတ်က စနစ်တကျ တည်ရှိခဲ့တဲ့ ရန်ကုန်မြို့ကွက် ပုံစံဟာ တဖြည်းဖြည်း ပုံစံ ပျက်လာခဲ့ပါတယ်။ အခု စာရေးသူတို့ ခံစားနေရတာ ဒါတွေရဲ့ အကျိုးဆက်ပါပဲ။တကယ်တော့ မြို့တစ်မြို့ တိုးချဲ့တာဟာ ထင်သလောက် မလွယ်ပါဘူး။ တိုးလာတဲ့ လူဦးရေကို နေထိုင်ဖို့ မြို့ကို တိုးချဲ့ရာမှာ အစိုးရ အနေနဲ့ ထိုသူတွေကို ဝန်ဆောင်မှု ပေးနိုင်ဖို့ လိုပါတယ်။ ထိုသူတွေ အတွက် ရေပေးဝေဖို့၊ လျှစ်စ်မီးပေးဝေဖို့၊ သွားရေလာရေး ဖန်တီးပေးဖို့၊ မိလ္လာ ရေမြောင်းစနစ် စနစ်တကျ ရှိဖို့ စသည်ဖြင့် အစိုးရ က ဖန်တီးပေးရပါတယ်။ မဖန်တီးပေးနိုင်ရင် နဂိုရှိရင်း အရာတွေထဲက ဖန်တီးပေးရတာမို့ ရှိနှင့် ပြီးသား မြို့ကွက်တွေက ထိခိုက်လာပါတယ်။ ဥပမာ တိုးချဲ့လာတဲ့ မြို့အတွက် ခွဲဝေ လျှစ်စစ်မီး ပေးရတာကြောင့် လျှစ်စစ်ဓာတ်အား မလုံလောက်မှု ကြုံရနိုင်ပါတယ်။
(၁၉၁၁ ခုနစ်၊ ရန်ကုန်မြို့)
လူနေထိုင်ရာ မြေနေရာ၊ စက်ရုံအလုပ်ရုံအတွက် မြေနေရာ၊ အများပြည်သူ အပန်းဖြေရာ မြေနေရာ စသည်ဖြင့် မြေယာ စနစ်တကျ အသုံးပြု နိုင်ဖို့လည်း လိုပါတယ်။ စာရေးသူ ဥပမာလေး တစ်ချက် လင်းပါရစေ။ အလွယ် ဥပမာလို့ စာဖတ်သူတို့ မှတ်ယူနိုင်ပါတယ်။ တစ်ဧက မြေ တစ်ခု မှာ မူလ အစက မိသားစုတစ်စု နေထိုင်မယ်ဆို မိသားစုဦးရေဟာ အလွန်ဆုံးရှိ ၇ ယောက် (သို့) ၈ ယောက် လောက်ပါပဲ။ ဒါကို ရင်းနှီး မြုပ်နှံသူတွေကို ဝယ်ယူပြီး ထို နေရာ (တစ်ဧက) မှာ ကွန်ဒိုမီနီယံ တည်ဆောက်မယ် ဆိုပါစို့။ အခန်း အရေအတွက် (၅၀) ရှိခဲ့လို့ တစ်ခန်းမှာ လူ (၄) ယောက်နေမယ်ဆို စုစုပေါင်း လူဦးရေဟာ တစ်ဧက မှာပဲ (၂၀၀) ဦးရေ ဖြစ်လာခဲ့ပါပြီ။ Urban Density သိပ်သည်း လာခဲ့ပါပြီ။ နဂိုမူရင်း တစ်ဧက မှာ (၇) ယောက်ကနေ အယောက် (၂၀၀) ထိ တိုးလာခဲ့ပါတယ်။ တိုးလာတဲ့ လူဦးရေရဲ့ ရေ၊မီး စသည်ဖြင့် အစိုးရက ဝန်ဆောင်မှု ပေးနိုင်ရဲ့ လား။ ဝန်ဆောင်မှု မပေးနိုင်ရင် တည်ဆောက် တိုးချဲ့ဖို့ရာ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ ပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးရမှာပါ။
ဗိသုကာပညာရှင်တွေက မြို့ပြ ဖွဲ့စည်းမှု နဲ့ ပတ်သက်ပြီး အကြံပေး စဉ်းစား ခဲ့ကြပါတယ်။ လာမယ့် အနာဂတ်မှာ ပြေလည်မယ့် မြို့ပြ ပုံစံ အမျိုးမျိုး လည်း တင်ပြဆွေးနွေး ခဲ့ကြပါတယ်။ ဗိသုကာ ပညာရှင်ကြီး လီကော်ဘူးစယေး ( Le Corbusier) ဟာ အိန္ဒိယနိုင်ငံ ရှိ ချန်ဒီဂရတ်မြို့ပြ ဖွဲ့စည်းရာမှာ ဒီဇိုင်း ဆွဲ ခဲ့ပါတယ်။ မြို့ရဲ့ အမှတ်သင်္ကေတ နှင့် လွှတ်တော် အဆောက်အဦကိုလည်း လက်စွမ်းပြ ဖန်တီးခဲ့ပါတယ်။ လီကော်ဘူးစယေး ရဲ့ ချန်ဒီဂရတ်မြို့ဟာ မြို့တည်ခါစ ကာလမှာ ဒေသခံ ပြည်သူတွေ အတွက် အဆင်မပြေခဲ့ပါဘူး။ ထိုခေတ် ထိုအခါက သယ်ယူပို့ဆောင်ရေးမှာ လန်ချား ကိုသာ အဓိက အသုံးပြုတာကြောင့် ကားလမ်းမ အကျယ်ကြီးတွေနဲ့ မြို့ဟာ အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ယခုခေတ်လို ၂၁ ရာစု မော်တော်ကား အသုံးပြုမှု များပြားလာတဲ့ အခါမှာ တော့ အန်ဝင်ခွင်ကျ ကို အဆင်ပြေသွားခဲ့ပါတယ်။ တကယ်တော့ လီကော်ဘူးစယေးဟာ ရှေ့နှစ် ပေါင်းများစွာကို ကြိုမြင်ကာ အမျှော်အမြင်ကြီးစွာနဲ့ ဖန်တီးသွားခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ မြို့ပြဖွဲ့စည်းသူတွေ အတွက် အမျှော်အမြင် ကလည်း လိုအပ်ပါသေးပါလား။
အိန္ဒိယနိုင်ငံ၊ ချန်ဒီဂရတ်မြို့ မြေပုံ
အချုပ်အားဖြင့် ဆိုရရင် စာရေးသူတို့ ဗိသုကာတန်း စတုတ္ထနှစ်မှာတော့ Urban Planning နဲ့ ပတ်သက်တဲ့ ဘာသာရပ်နဲ့ ပရောဂျက်တွေ သင်ယူ လုပ်ခဲ့ရပါတယ်။ အုပ်စုလိုက် ပရောဂျက်လုပ်ရတဲ့ ဘာသာရပ်ဖြစ်ကာ ပျော်ဖို့လည်း ကောင်းသလို စိတ်ဖိစီးမှုများခဲ့တဲ့ ဘာသာ တစ်ရပ်ပါ။ အလွန်နက်နဲပြီး လေ့လာရင် လေ့လာသလောက် ကျယ်ပြန့်တဲ့ ဘာသာရပ် တစ်ခုပါ။ သင်ဆရာ၊ မြင်ဆရာများအားလုံးကိုလည်း ယခုဆောင်းပါးဖြင့် ကျေးဇူးတင် ဦးထိပ်ထားပါတယ်။ အဆောက်အဦ (သို့) လူနေအိမ်ဟာ လူတစ်စု အတွက်သာ ဆိုင်တဲ့ အရာပါ။ Urban Planning ဟာ မြို့တစ်မြို့လုံးနဲ့ ဆိုင်တဲ့ ကိစ္စ၊ မြို့တွေ စုပေါင်းပြီး နိုင်ငံ တစ်ခုလုံးစာပါ ဆိုင်လာနိုင်တာမို့ အသိပညာရှင်၊ အတက်ပညာရှင်တွေရဲ့ တိုင်ပင်ဆွေးနွေး ဖို့ရာ တိုက်တွန်း နှိုးဆော်ရင်း...။
Comments
Post a Comment