ဂေါသစ်ခ် ဗိသုကာလက်ရာဟန် (Gothic Architecture)
ဂေါသစ်ခ် ဗိသုကာလက်ရာဟန် (Gothic Architecture ) ဟာ ဥရောပတိုက်အတွင်း ၁၂ရာစု အစပိုင်း ပြင်သစ်နိုင်ငံ မှသည် ၁၆ ရာစုနှစ် အထိ တိုးတက်လာခဲ့ပါတယ်။ ထိုတိုးတက်မှုက ထိုခေတ် ထိုအခါက ခေတ်ပြောင်း တော်လှန်ရေး တစ်ရပ် ပမာ။ ဥရောပတိုက် အတွင်းရှိ ဘုရားကျောင်းတွေ၊ ရဲတိုက်ကြီးတွေ နှင့် ဘုရားရှိခိုးကျောင်းတော်ကြီးတွေကို အမြင်သစ်တမျိုး အဖြစ် အံ့မခန်း အလှအပဖော်ထုတ်နိုင်ပေးခဲ့ပါတယ်။ ဂေါသစ်ခ် ဗိသုကာ လက်ရာဟန် ထိုးထွက် တိုးတက်လာခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အလယ်ခေတ်ကာလအတွင်း ပေါ်ပေါက်လာခဲ့တဲ့ လူတွေ ရဲ့ဗိသုကာလိုဘ တွေကြောင့်ဖြစ်ပါတယ်။ ၁၂ ရာစု-၁၃ ရာစု အတောအတွင်း တည်ဆောက်လာခဲ့ကြတဲ့ အဆောက်အဦများဟာ အကန့်အသတ်များဖြင့်သာ။ အလင်းအမှောင် နဲ့ လေဝင်လေထွက် လုံလောက်စွာ ရရှိနိုင်မှု နည်းပါးသည့် ကျောက်ရဲတိုက် ကြီးတွေ နဲ့ ဘုရားကျောင်းတွေကိုသာ တွင်တွင်ကျယ်ကျယ် တည်ဆောက်ခဲ့ကြပါတယ်။ အဓိက အကျိုးအပြစ်ကတော့ လုံလောက်တဲ့ အလင်းမရရှိမှု (မှောင်ခြင်း)၊ ရာသီဥတု မမျှတခြင်း (အေးခြင်း၊ စိုထိုင်းခြင်း) တွေကြောင့်ပဲ ဖြစ်ပါတယ်။
Gothic Architecture က ဒီအရာတွေကို ဖြေရှင်းဖို့ တာဝန် ရှိလာပါတယ်။ ဂေါသစ်ခ် ဗ်ိသုကာ အဓိက ဖြေရှင်းရမယ့် ပြသာနာတွေကတော့ သဘာဝ အလင်းအမှောင် နဲ့ လေဝင်လေထွက် လုံလောက်စွာ ရရှိဖို့ရာ ဖြေရှင်းဖို့ ဖြစ်လာခဲ့ပါတယ်။ ထိုသို့ ဖြေရှင်းရမှာ အလှအပ (Aesthetic) ကိုလည်း ဖော်ထုတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ Gothic Archietcture မပေါ်မှီခေတ်က ဗိသုကာဆိုတာ အသုံးပြုနိုင်ဖို့ (Functional) က ပထမ၊ အလှအပက ဒုတိယ ဖြစ်ခဲ့ပါတယ်။ Gothic Architecture ပေါ်လာပြီးနောက် ဗိသုကာဟာ အလှတစ်ခု ဆိုတာဖြစ်လာခဲ့ပါတယ်။
Gothic Architecture မပေါ်မှီခေတ် ဗိသုကာပညာရှင်တွေက အဆောက်အဦ ဆောက်လုပ်ရာမှာ ဆောက်လုပ်ရေး ပစ္စည်း အဖြစ် လေးလံတဲ့ ကျောက်တုံးတွေနဲ့သာ ခက်ခက်ခဲခဲ တည်ဆောက်ခဲ့ကြရပါတယ်။ ဒါကြောင့် အဆောက်အဦအမြင့်ကို သာမန်ထက်မြင့်ဖို့ အခက်အခဲရှိလာပြီး အခန့်မသင့်ရင် ပြိုပျက်နိုင်တဲ့ အန္တရာယ် ရှိလာခဲ့ပါတယ်။
၁။ အမြင့်
Gothic Architecture ရဲ့ လက္ခဏာ တစ်ရပ်ဟာ အဆောက်အဦး ရဲ့ အမြင့်ပဲ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး နည်းပညာအသစ်တွေ ဖြစ်တဲ့ Flying Buttress နည်းပညာ စဉ်းစားမိလာတာကြောင့် နံရံမြင့်မြင့် အသုံးပြုလာနိုင်ခဲ့ပါတယ်။ ထို့အတွက်ကြောင့် ဝတ်ပြု ဘုရားကျောင်း ကြီးတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါက ဘာသာရေး ရှုထောင့်ကကြည့်ရင် ဘုရားကျောင်းမြင့်ခြင်းဟာ ကောင်းကင်ဘုံနဲ့ ပိုနီးစပ်တယ်လို့ ထိုခေတ်က ယူဆတာကြောင့် ဝတ်ပြုဆုတောင်းသူတွေ အတွက် စိတ်ကျေနပ်စရာ ဖြစ်လာပါတယ်။
၂။ Flying Buttress
Flying Buttress က Gothic Architecture ရဲ့ အသက်ပါပဲ။ နံရံကြီးတွေက အလွန်မြင့်တာကြောင့် မပြိုပျက်စေရန် ဘေးနားကထောင့်သဖွယ် ထောက်ပံ့ပေးထားတဲ့ ဖွဲ့စည်းမှု (Structure) တစ်ခုပါ။ နံရံတွေရဲ့ အားတွေက ထိုမှတဆင့် မြေကြီးထဲသို့ ရောက်ရှိသွားအောင် ထောက်ပံ့ပေးထားပါတယ်။ Flying Buttress ကို Structure တစ်ခုလို့သာ စာဖတ်သူတို့ မထင်ပါနဲ့။ အလှအပ အတွက်လည်းဖြစ်ပါတယ်။ Flying Buttress ကို ပန်းတော့ ပညာရပ်ဖြင့် အလှဆင်လေ့ ရှိကာ တည်ဆောက်ကြပါတယ်။
၃။ ဂေါသစ်ခ် ပေါင်းကူး (Gothic Arch)
ဂေါသစ်ခ် ပေါင်းကူး (Gothic Arch) ကို ထိပ်ချွန်ပေါင်းကူး (Pointed Arch) လို့လည်း ခေါ်ဝေါ်သုံးနှုန်းပါတယ်။ ထိပ်ချွန်ပေါင်းကူး (Pointed Arch) ဟာ နောက်ထပ် လက္ခဏာရပ် တစ်ခုဖြစ်ပါတယ်။ သိသာထင်ရှားစေတဲ့ အလှအပဖော်ထုတ်မှု ဖြစ်ပါတယ်။ ဒီဇိုင်းဖော် တည်ဆောက်ရာမှာတော့ မာကျောဖို့ လိုပါတယ်။ ဘုရားကျောင်း မျက်နှာကြက် နှင့် နံရံကြီးတွေကိုလည်း ထောက်ပံ့ပေးထားပါတယ်။
၄။ ပေါင်းကူးမျက်နှာကြက် (Vaulted Ceiling)
မျက်နှာကြက်ကို ပေါင်းကူး အလှများဖြင့် တည်ဆောက်လေ့ရှိပါတယ်။ ဂေါသစ်ခ် ပေါင်းကူး အလှ နဲ့ ဖွဲ့စည်းမှု (Structure) ကို ထောက်ပံ့ပေးဖို့ အတွက်လည်း ဖြစ်ပါတယ်။ မျက်နှာကြက် အမြင့်ဟာ ပေါင်းကူးတွေရဲ့ အလှကြောင့် ဝင်ရောက်လာသူများ အတွက် ကြီးကျယ်ခန့်ညားစေမှု နှင့် ကျက်သရေ အဖြာဖြာကို ဆောင်ယူလာသလိုပါပဲ။ ဘုရားကျောင်းအတွင်းရှိ ကြီးမားတဲဲ့ ပြတင်းပေါက်ကြီးတွေ အပေါ်မှာ ခရစ်တော်ရဲ့ ပုံတော် နှင့် သမ္မာကျမ်းစာလာ ဇာတ်တော်တွေကို ရောင်စုံရေးဆွဲထားလေ့ ရှိပါတယ်။ ပြင်ပ နေအလင်းရောင်ဟာ ထို အရာတွေကို ထိုးဖောက်ဝင်လာတဲ့အခါ ဘုရားကျောင်းအတွင်း ရောင်စုံအလင်းရောင် တွေဟာ သက်တန့်သဖွယ် ဝေဖြာ လာခဲ့ပါတယ်။ Gothic Architecture ခေတ်မပေါ်မှီ ထိုသို့ ကြီးမားတဲ့ ပြတင်းပေါက်ကြီးများဖြင့် တည်ဆောက်ဖို့ရာ မဖြစ်နိုင်ခဲ့ပါ။
၅။ ဂါဂိုရယ် သတ္တဝါလေး (Gargoyle)
Gothic Architecture ဆိုတာ ကို သိသာထောက်ပံ့ပေးနေတဲ့ သတ္တဝါလေးပါ။ မိုးရွာတဲ့ အခါ အမိုးပေါ်ရှိ မိုးရေတွေ ကျစေဖို့ရာ အကောင်လေးရဲ့ ပါးစပ်ပေါက်ကို ရေတံလျောက် အနေနဲ့ အသုံးပြု အလှဆင်ပါတယ်။ ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လာမယ့် ပြင်ပ မကောင်းတဲ့ အနှောင့်အယှက်တွေကိုလည်း ထိုအကောင်လေးက ကာကွယ်စောင့်ရှောက် ပေးတယ်လို့ အဆိုရှိပါတယ်။
၆။ အလှဆင်မှု နှင့် အပြောက်အမွှမ်း
သာမန်ထက် ထူးခြားသာလွန်တဲ့ အပြောက်အမွှမ်း အလှဆင်မှုက Gothic Architecture ရဲ့ အဓိက လက္ခဏာရပ်လို ဖြစ်လာခဲ့ပါတယ်။ ဘုရားကျောင်းကြီးတွေ အတွင်း ခရစ်တော်ရဲ့ သာဝကကြီးတွေ ရဲ့ ရုပ်ထု ပေါင်းများစွာဖြင့် ပါရှိလေ့ ရှိပါတယ်။ ဘုရားသခင် ရဲ့ ကြီးမြတ်မှုကို တနည်းဖော်ထုတ်ပြသနေပါတယ်။ နေရာလပ် မကျန်အောင် အပြောက်အမွှမ်းများစွာဖြင့် အလှဆင်တည်ဆောက်လေ့ ရှိပါတယ်။
Gothic Architecture အကြောင်းဆိုရရင် စပိန်နိုင်ငံ ဘာစီလိုနာ ရှိ Sagrada Familia ဘုရားကျောင်းကို ထားခဲ့လို့ မရ။ စပိန် ဗိသုကာပညာရှင် အန်တိုနီယို ဂေါဒီ (Antoni Gaudi) ရဲ့ ဒီဇိုင်းလက်ရာပါ။ မည်မျှပင် အနုစိတ်သလဲဆို ၁၈၈၂ ခုနစ်က စတင်တည်ဆောက်ခဲ့တဲ့ ထို ဘုရားကျောင်းက ယခုခေတ် အထိ တည်ဆောက်ပြီးစီးခြင်း မရှိခဲ့ပါဘူး။ ဆောက်လုပ်နေစဉ်အတွင်း ဗိသုကာပညာရှင် ဂေါဒီ ကွယ်လွန်သွားခဲ့ပါတယ်။ ၎င်း ရဲ့ ဒီဇိုင်းအတိုင်း ဆက်လက်အကောင်အထည်ဖော် အသေးစိတ်ဖန်တီးရာမှာ ၂၀၂၆ ခုနစ်မှသာ တည်ဆောက် ပြီးစီးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ယူနက်စကို အဖွဲ့အစည်းမှလည်း ကမ္ဘာ အမွေအနှစ် အဖြစ် သတ်မှတ် ထိန်းသိမ်းခဲ့ပါတယ်။
စာဖတ်သူတို့ မေးစရာ ရှိတာ ၁၆ ရာစုမှာ Gothic Architecture ရဲ့ အရှိန်လျော့ သွားတယ်ဆိုတော့ နောက်ပိုင်းကာလတွေမှာ ရော တည်ဆောက်ခဲ့ကြသေးလား။ တည်ဆောက်ခဲ့ကြပါတယ်။ လန်ဒန်မြို့ရှိ ပါလီမန် အဆောက်အဦ၊ ဝါရှင်တန် ဘုရားရှိခိုး ကျောင်းကြီးတွေ နဲ့ ၁၉ ရာစု တက္ကသိုလ်များ တည်ဆောက်ရာမှ Gothic Architecture ကို အသုံးပြုကြပါတယ်။ စာဖတ်သူတို့ ဘုရားကျောင်းတော် တစ်ခုမြင်တွေ့ခဲ့လို့ ယခု စာရေးသူ တင်ပြသွားတဲ့ အချက်တွေနဲ့ တိုက်စစ်လို့ ကိုက်ညီတယ်ဆို ဆိုလိုက်ပါ ရဲရဲဝံ့ဝံ့ Gothic Architecture လို့။
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)
Comments
Post a Comment