ဒီဇိုင်းလို့ ဆိုလိုက်လျှင် ဒီဇိုင်းဟာ ရှိနှင့်ပြီး သား အရာမဟုတ်။ ပိုပြီး ရှင်းအောင်ဆိုရရင် မည့်သည့် ဒီဇိုင်းမဆို ( ဗိသုကာ၊ ဖက်ရှင်) ဖော်မြူလာ ခွင်ကျ ထွက်လာတဲ့ အရာမဟုတ်ပါဘူး။ ဗိသုကာပညာရှင်၊ ဒီဇိုင်နာရဲ့ ဖန်တီးမှု ပါရမီ နှင့် သူ့ရဲ့ လေ့လာမှု အား အပေါ်မှာသာ မူတည်ပြီး ပေါ်လာတဲ့ အရာသာ ဖြစ်ပါ တယ်။ ဆရာ့ ရဲ့ အမြင်မှာ ဒီဇိုင်းဆိုတာ ရှိနေတဲ့ အနေအထားတစ်ခုကို ပြောင်းလဲတာပါပဲ။ နဂိုရှိရင်း အရာကို အနည်းငယ် ပြောင်းလဲမယ်။ ထိုပြောင်းလဲမှုဟာ ကြည်ရှုခံစားသူတွေရဲ့ အမြင်မှာ ဆန်းသစ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့ရင် ထို အရာကို ဒီဇိုင်းလို့ ဆိုနိုင်ပါတယ်။ ဥပမာ- ပြတင်းပေါက် လို့ ဆိုလိုက်လျှင် လေးထောင့် ဘောင်ဆိုတာကို အဝိုင်းပုံစံ ဖြစ်စေ၊ ဆဌဂံပုံစံဖြစ်စေ ပြောင်းလဲ အသုံးပြုခြင်း။
ဒီဇိုင်းမှာ အသုံးပြုသူတွေရဲ့ အတွေ့အကြုံ (User Experience) နဲ့ ဒီဇိုင်း (Design) တို့ ဝိရောဓိ ဖြစ်လာတာမျိုးတွေလည်း ရှိပါတယ်။ ဘယ်လောက်ကောင်းတဲ့ ဒီဇိုင်းပဲ ဖြစ်စေ ထို ဒီဇိုင်း အပေါ် အသုံးပြု မယ့်သူများ အဆင်မပြေရင် အဆင်ပြေတယ်လို့ မဆိုနိုင်ပါဘူး။ ဆရာ တို့ ဗိသုကာအတန်းငယ်တုံးက "Form follow function" (သို့) "Function follow form" ဆိုတဲ့ စကားစုကို အမျိုးမျိုး ငြင်းခုံခဲ့ကြပါတယ်။ ဗိသုကာ လက်ရာတစ်ခုဆိုတာ Form (ပုံသဏ္ဌာန်) မဖြစ်မနေ ဆန်းသစ်မှ ဖြစ်မယ်ဆိုတဲ့ သူရှိသလို၊ ဗိသုကာလက်ရာတစ်ခုဆိုတာ ပုံသဏ္ဌာန် (Form) ထက် ဆောင်တာ (Function) လို့ ခေါ်တဲ့ အဆောက်အဦအထဲမှာ နေထိုင်တဲ့သူတွေ နေထိုင်ရ အဆင်ပြေဖို့သာ ပို အရေးကြီးတယ်လို့ ဆိုတဲ့ သူများလည်း ရှိပါတယ်။ ဆရာ ကတော့ နှစ်ခုလုံး လက်ခံပါတယ်။ ရှင်းလင်းပါရစေ။
တကယ်တော့ အဆောက်အဦ အမျိုးအစား (Building type) ပေါ်ကိုသာ မူတည်ပြီး ဗိသုကာပညာရှင်က ဖန်တီးသင့်တာပါ။ သဘာဝ လေဝင် လေထွက်၊ အလင်းအမှောင်ကို အလေးမထားတဲ့ အဆောက်အဦဆို ပုံသဏ္ဌာန် (Form) ကစားလို့ ကောင်းပါတယ်။ ဥပမာ- ရုပ်ရှင်ရုံ ၊ ဈေးဝယ် ကုန်တိုက်ကြီးတွေ နဲ့ ပြဇာတ်ရုံတွေဆို ဗိသုကာအနေနဲ့ လူတွေကို ဆွဲဆောင်ဖို့ အလို့ငှာ အဆောက်အဦ ရဲ့ ပုံသဏ္ဌာန် (Form) က အဓိက ဖြစ်လာပါတယ်။ သို့ပေမယ့် ဆေးရုံ၊ ကျောင်း နဲ့ အစိုးရ အဆောက်အဦ များ ဖန်တီးရာမှာတော့ ဆောင်တာ (Function) က အဓိက ဖြစ်လာ ခဲ့ပါတယ်။ အလှအပ (Aesthetic) ထက် အဆောက်အဦ အတွင်းရှိ အသုံးပြုသူများ ပို အဆင်ပြေဖို့သာ ရည်ရွယ်လို့ပါပဲ။
ဒီဇိုင်းတစ်ခုဟာ လူ (၁၀၀) မှာ (၁၀၀) လုံး ကြိုက်နှစ်သက်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။ ဖြစ်လာရင်တော့ ဗိသုကာပညာရှင်၊ ဒီဇိုင်နာ အတွက် အတိုင်း ထက် အလွန်ပါပဲ။ ဆရာ ပြောလေ့ရှိတာတော့ ကမ္ဘာကျော် ဗိသုကာ ဒီဇိုင်းများသည်ပင် လူတိုင်း အကြိုက်နဲ့ ကိုက်ညီဖို့ မလွယ်ကူပါဘူး။ အချိုးချပြီး ပြောရရင် လူ (၁၀၀) မှာ ထက်ဝက်ကျော်က ကိုယ့် ဒီဇိုင်းကို ကြိုက်နှစ်သက်ရင်ပင် ကောင်းတဲ့ ဒီဇိုင်းတစ်ခုလို့ ဆိုနိုင် ပါတယ်။ဒီဇိုင်းတစ်ခုကို ဖန်တီးတဲ့ ဗိသုကာပညာရှင်၊ ဒီဇိုင်နာ က ခံစားတက်မှု စွမ်းရည် ရှိဖို့ လိုပါတယ်။ ဖော်မြူလာခွင်ကျ ထွက်ပေါ်လာတဲ့ ဒီဇိုင်းဟာ လူတွေရဲ့ စိတ်ကို ရေရှည် လွှမ်းမိုးနိုင်စွမ်းရှိမှာ မဟုတ်ပါဘူး။ ပထမ အဆင့် ဒီဇိုင်နာဟာ ပြုလုပ်ပြီးတဲ့ မိမိ ဒီဇိုင်း အပေါ် မိမိဘာသာ ခံစားရမယ်။ အရှင်းဆုံး ဥပမာပေးရရင်တော့ ကိုယ့်ရဲ့ ဒီဇိုင်းကို ကိုယ်တိုင် မှ ကြိုက် နှစ်သက်အားရခြင်း မရှိရင် ကြည့်ရှုတဲ့ သူများလည်း ကျေနပ်အားရမှု ရှိမှာ မဟုတ်ပါ။ ထို့ အတွက်ကြောင့် ဗိသုကာပညာရှင်၊ ဒီဇိုင်နာ တစ်ယောက်အနေနဲ့ သီအိုရီတွေ အပေါ် သိနားလည်ရမည် သာမက ဒီဇိုင်းတစ်ခုကို ချဉ်းကပ်တဲ့ ပထမဆုံး ခံစားမှု ကလည်း အရေး ကြီးပါတယ်။
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)
Comments
Post a Comment