မြေယာရှုခင်းဗိသုကာ
မြေယာရှုခင်းဗိသုကာ
မြေယာရှုခင်းဗိသုကာ ဆိုတာကို အင်္ဂလိပ် ဝေါဟာရ အရ Landscaping လို့ ခေါ်ဝေါ်ပါတယ်။ ယခင် ဗိသုကာ ဆရာကြီးတွေ ရေးသားခဲ့တဲ့ ဗိသုကာ စာအုပ်များမှာတော့ "မြေခင်းဗိသုကာ" ဟူ၍ သုံးနှုန်းလေ့ရှိပါတယ်။ စာရေးသူကတော့ “မြေယာရှုခင်းဗိသုကာ” လို့သာ သုံးနှုန်း ပါရစေ။ ပိုပြီး ပြည့်စုံတဲ့ ဝေါ်ဟာရ တစ်ခုလို့ ထင်မှတ်မိလို့ပါ။ ပထမဦးစွာ မြေယာရှုခင်း ဗိသုကာ ဆိုတာဘာလဲ။ စာရေးသူတို့ဟာ မိမိ အိမ် (သို့) အဆောက်အဦ ကို ကိုယ့်ခြံဝင်းအတွင်း ဆောက်လုပ်ရာမှာ အဆောက်အဦ တစ်ခုထဲ ခြံဝင်း ထဲမှာ ရှိနေယုံနဲ့ မပြည့်စုံပေ။ မြေပို၊ မြေကျန် တဲ့ နေရာတွေမှာ သီးပင် စားပင်၊ အလှစိုက်အပင်များ စိုက်ပိူးကာ အလှဆင်လေ့ ရှိကြပါတယ်။ ထိုအရာသည်ပင် မြေယာရှုခင်းဗိသုကာ စတင်ခြင်းလို့ ဆိုနိုင်ပါတယ်။
အတိတ်သမိုင်းကို ပြန်ကြည့်ရင် အင်ကာလူ့ယဉ်ကျေးမှု၊ မတ်ဆိုပိုတေးနီး ယား၊ အီဂျစ်လူ့ယဉ်ကျေးမှု အပြင် စာရေးသူတို့ ပုဂံလူ့ယဉ်ကျေးမှု၊ ထိုအရာတွေနဲ့ အတူ မြေယာရှုခင်းဗိသုကာ ဟာ ယနေ့ခေတ် ၂၁ ရာစုထိ အဆင့်ဆင့် ဖွံ့ဖြိုးလာခဲ့ပါတယ်။ အထူးသဖြင့် အစ္စလာမ်မစ် ယဉ်ကျေးမှုမှာ မြေယာရှုခင်း ဗိသုကာ လက်ရာဟာ အဆုံးစွန် ဆုံး တိုးတက်လာ ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ကိုရန်ကျမ်းစာလာ ကောင်းကင်ဘုံကို ရည်မှန်းပြီး ထို အ တိုင်း လုပ်ဆောင် ဖန်တီးလာကြလို့ပဲ ဖြစ်ပါတယ်။ ဥပမာ- အိန္ဒိယနိုင်ငံရှိ တတ်ခ်ျမဟာ (Taj Mahal) ဂူဗိမာန်ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။ ပါရှား-ဟင်ဒူ ဗိသုကာ လက်ရာဟန်ရှိတဲ့ ထို ဂူဗိမာန်ဟာ ဗိသုကာလက်ရာ တစ်ခုထဲကြောင့် မဟုတ်ပဲ မြေယာရှုခင်း ဗိသုကာကြောင့် ပို ထင်ရှား ပါတယ်။ ဂိတ်ဝင်ပေါက်မှ ဂူဗိမာန် သို့ သွားရာ လမ်းတလျှောက် အလယ် တည့်တည့်မှာ ရေကန်အလှ ကို ဖန်တီးထားပြီး သစ်ပင်များ စီတန်းစိုက် ထားပုံက ဂူဗိမာန်ရဲ့ ဂုဏ်ယူ ဝင့်ကြွားမှုနဲ့ အလှကို ပိုမို ထင်ရှား စေပါ တယ်။ ထိုအရာသည်ပင် မြေယာရှုခင်း ဗိသုကာ ရဲ့ အသက်ပင်။ မြေယာ ရှုခင်းဗိသုကာ ဟာ အဆောက်အဦ ရဲ့ အလှအပကို ပိုပြီးသိသာ ဝင့်ကြွားဖို့ ရာ ထောက်ပံ့ပေးတဲ့ လုပ်ဆောင်ချက်ကို လုပ်ပေး နိုင်ပါတယ်။
စာရေးသူတို့ မြန်မာနိုင်ငံရှိ ဗိသုကာမေဂျာ အထူးပြု တက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူများကတော့ မြေယာရှုခင်းဗိသုကာဘာသာရပ်ကို ဘာသာရပ် တစ်ခုအနေနဲ့ သင်ကြရပါတယ်။ အမြည်း (သို့) နိဒါန်း မိတ်ဆက်မျှသာ သင်ကြားရလေ့ ရှိပါတယ်။ အထူးပြု အဓိက မေဂျာ အနေ နဲ့တော့ မဟုတ်ပေ။ နိုင်ငံခြားရှိ တက္ကသိုလ်များမှာတော့ မြေယာရှုခင်း ဗိသုကာပညာရပ်ကို မဟာတန်း အထူးပြု တက်ရောက်နိုင်ပါတယ်။ လေ့လာရင် လေ့လာသလောက် ကျယ်ပြန့်တဲ့ ဘာသာရပ် တစ်ခု ဖြစ်ပါ တယ်။ Botany (ရုက္ခဗေဒ) ဘာသာရပ်နဲ့ အနည်းငယ် နီးစပ်ကာ အပင် တွေရဲ့ သဘာဝ ကို အထူးသိဖို့ လိုပါတယ်။ ဥပမာ-သက်တမ်း၊ အနိမ့်အမြင့်၊ သီးပင် စားပင် စသည်ဖြင့်...။
တတ်ခ်ျမဟာ (Taj Mahal) ဂူဗိမာန် ရဲ့ မြေခင်းဗိသုကာ
Thomas H.Russ ရေးသားထားတဲ့ Site planning and Design Handbook စာအုပ်ထဲမှာတော့ မိမိ မြေနေရာ အတွင်းရှိ အခြေအနေ များကို သုံးသပ်ဖို့ရာ တင်ပြထားပါတယ်။ ပထမဦးစွာ မိမိ အိမ်ဆောက် မယ့် မြေနေရာရဲ့ တည်နေရာဟာ အရေးကြီးပါတယ်။ အဓိက ကားလမ်းမ များနဲ့ အဝင်အထွက် အဆင်ပြေ မပြေ၊ သွားရေးလာရေး လွယ်ကူတဲ့ နေရာမှာ တည်ရှိဖို့လိုအပ်ပါတယ်။ စီပွားရေးနဲ့ ပတ်သက်တဲ့ ကုန်တိုက် ကြီးတွေ ဆောက်မယ်ဆိုရင်တော့ ထို အချက်ဟာ မဖြစ်မနေ ထည့်သွင်း စဉ်းစားရမယ့် အချက်တွေပါပဲ။ ထို့ပြင် မြေနေရာ အတွင်းရှိ လက်ရှိ ရှိနေ တဲ့ သီးပင် စားပင် အနေအထားကို သိဖို့ လိုပါသေးတယ်။ လူကို အဆိပ် အတောက် ဖြစ်စေတဲ့ အပင် ရှိမရှိ ဆန်းစစ်ဖို့ လိုပါသေးတယ်။ အရေးကြီး ဆုံး အချက်ကတော့ ကိုယ့်မြေနေရာရဲ့ မြေအမျိုးအစား နဲ့ ကိုယ့် မြေတည်ရှိရာ မြို့နယ်၊ ပြည်နယ်ရဲ့ ရာသီဥတု အခြေအနေပါပဲ။ တစ်နှစ် အတွင်း မိုးရေချိန်လက်မ အခြေအနေ အချက်အလက်ရရှိရင် ပိုကောင်း ပါတယ်။ သို့မှသာ မိမိ မြေနေရာအတွင်း ရေဝပ်မယ့် အခြေအနေကို မှန်းဆနိုင်မှာပါ။
မြေအမျိုးအစား ကို သိမှာသာ မိမိ အဆောက်အဦ ရဲ့ အုတ်မြစ် ကို သင့်တော်တဲ့ အုတ်မြစ် (Foundation) အသုံးပြုနိုင်မှာပါ။ မြေနေရာ အတွင်း Liquefaction (အခဲ အရည်ဖြစ်စေတဲ့ ဖြစ်စဉ်) မှာ အထူး ဂရုပြု စရာပင်။ မြေအမျိုးအစားကို ခန့်မှန်းမှု လွဲချော်ပြီး မြေနေရာအတွင်း ရေဝပ် တဲ့အခါမှာတော့ထို ပြသာနာ စပါတယ်။ ငလျင် ရုတ်တရက် လှုပ်လိုက် တဲ့အခါ အဆောက်အဦး အုတ်မြစ်ရှိ မြေ နဲ့ ရေ ခလောက်ဆံ သလိုဖြစ်သွား ကာ အခဲဂုဏ်သတ္တိ လျော့နည်းလာပြီး မြေအနေအထား ပြောင်းလဲကာ အဆောက်အဦ တစ်ခုလုံး တိမ်းစောင်း သွားနိုင်ပါတယ်။ ထိုအခြေအနေ ဖြစ်ပြီးမှ ပြန်လည် ပြုပြင်ဖို့ဆို စာရေးသူ တို့အနေနဲ့ အဆုံးရှုံးကြီး နိုင်ပါ တယ်။ ဖွံဖြိုးပြီး နိုင်ငံများမှာတော့ မြေနေရာရဲ့ သတင်းအချက် အလက် ပြည့်ပြည့်စုံစုံ စုံစမ်းသိရှိနိုင်တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ ထိုဌာနများမှာ အချက်အလက် များရယူခြင်းဖြင့် မိမိ မြေနေရာကို လေ့လာ သုံးသပ်ဖို့ရာ လွယ်ကူ စေပါတယ်။
မြေယာရှုခင်း ဗိသုကာ
ပထမဦးစွာ စာရေးသူ တင်ပြထားသလို မိမိ မြေနေရာ အနေအထားကို သိရှိပြီး အဆောက်အဦး ဆောက်လုပ်ပြီးတဲ့ အခါမှာတော့ အလှဆင်ဖို့ရာ ကိုယ့်ရဲ့ မြေနေရာရဲ့ ရာသီဥတု၊ မြေအမျိုးအစားနဲ့ သင့်တော်တဲ့ သစ်ပင် ပန်းမန်တွေကို အလှဆင်ဖို့ ဖြစ်လာပါတယ်။ နဂို မြေနေရာအတွင်း အသင့် ရှိပြီးသား အသုံးဝင်တဲ့ သစ်ပင်ပန်းမန်များ ကိုလည်း လျစ်လျူရှု လို့ မရ ပေ။ ရှိရင်းဆွဲ လူသားအကျိုးပြု အပင်များကို ထိန်းသိမ်းကာ ဒီဇိုင်နာရဲ့ စိတ်ကူးစိတ်သန်း ပေါင်းစည်းပြီးတော့သာ အကောင်းဆုံး ဖန်တီးသင့်ပါ တယ်။ ကျယ်ဝန်းတဲ့ မြေနေရာအတွင်းရှိ ရှိရင်းဆွဲ ရေကန်များ၊ ချောင်းငယ် လေး များကိုလည်း စနစ်တကျ စီမံ ဒီဇိုင်းဆွဲကာ ပြုပြင် ထိန်းသိမ်းဖို့ လိုပါ တယ်။ နိုင်ငံခြားတိုင်းပြည်များ မှာတော့ မြေယာရှုခင်း ဗိသုကာ ဒီဇိုင်း ဆွဲ တဲ့ ဗိသုကာကုမ္ပဏီများမှ အစအဆုံး တာဝန်ယူ စီမံပေးလေ့ ရှိကြပါတယ်။
အချုပ်အားဖြင့်ဆိုရရင် အိမ် (သို့) အဆောက်အဦ တစ်ခု လှပဖို့ရာ အဆောက်အဦ တစ်ခုထဲနဲ့ မပြီးပေ။ ဗိသုကာပညာရှင်က လက်ရာမြောက် ဖန်တီးထားတဲ့ အိမ် ရဲ့ အနုလက်ရာ ပိုမို ဖော်ပြနိုင်ဖို့ရာ မြေယာရှုခင်း ဗိသုကာ မပါမဖြစ် ပါဝင်ဖို့ လိုအပ်ပါတယ်။ အိမ်အတွင်းနေထိုင်သူများရဲ့ စိတ်အပန်းဖြေနိုင်ဖို့သာမက သဘာဝတရားကြီးနဲ့ အနီးစပ်ဆုံး ရှိနိုင်ဖို့ရာ မြေယာရှုခင်းဗိသုကာ ပညာရပ်ဟာ လူသားတွေအတွက် ဆက်လက် ဖွံဖြိုး လိုအပ်နေအုံးမှာပါ.... ။ ။
Comments
Post a Comment