မေး ။ ။ ဆရာ Bubble Diagram အကြောင်းလေး ရှင်းပြပေးပါ။
ဖြေ။ ။ Bubble Diagram ဆိုတာ ပူဖောင်း ပုံစံ စက်ဝိုင်းလေးတွေကို အသုံးပြုပြီး ဒီဇိုင်းတစ်ခုကို စ စဉ်းစား တာပါပဲ။ စဉ်းစားလို့လည်း ကောင်းပါတယ်။ ဗိသုကာပညာရှင်/ ဒီဇိုင်းနာ တော်တော်များများလည်း အသုံး များပြီး စဉ်းစားတက်ပါတယ်။စက်ဝိုင်းလေးတွေ ရဲ့ အသေး အကြီးဟာ အခန်း တစ်ခန်းစီ (သို့) Zoning တစ်ခုစီ ရဲ့ အကျယ်အဝန်း sq.ft (သို့) percent ပေါ် မူတည်ပါတယ်။ ဥပမာ-
Living Room (200 sq.ft)
Dining Room (140 sq.ft)
Kitchen (120 sq.ft)
Storage (120 sq.ft)
Master Bedroom (200 sq.ft)
ဒီ အခန်း (၅) ခန်းကို နေရာချ စဉ်းစားမယ်ဆိုပါစို့။ စာရွက် တစ်ရွက် အပေါ်မှာ အဝိုင်းလေးတွေ အရင် ကျပန်း စ ဆွဲလိုက်ပါ။ Sq.ft အပေါ် မူတည်ကာ စက်ဝိုင်းလေးတွေရဲ့ အသေး၊ အကြီး ကွာ သွားပါလိမ့်မယ်။ ပြီးရင် အခန်း (၅) ခန်းကို မည်သည့် အခန်း နဲ့ မည်သည့် အခန်း အနီးစပ်ဆုံး ရှိသင့်တယ်။ မရှိသင့်ဘူး။ ဘယ် အခန်းကတော့ သဘာဝအလင်း ဝင် သင့်တယ်။ ဘယ် အခန်းကတော့ အသံလုံ သင့်တယ် ဆိုတာကို ဆွဲပြီး စဉ်းစားနိုင်ပါတယ်။ ကိုယ့် ဒီဇိုင်း ကိုယ် စဉ်းစားတာမို့ ကိုယ် နားလည်ရင် ပြီးရော ကိုယ် ကြိုက်တဲ့ သင်္ကေတ ကို အသုံးပြု စဉ်းစားနိုင်တာပါပဲ။ သို့သော်လည်း Bubble Diagram အတွင်း အသုံးများတဲ့ သင်္ကေတ သရုပ်တွေလည်း ရှိပါတယ်။
လိုင်း အတွန့်လေးတွေ စက်ဝိုင်း အဝန်းမှာ ထည့်သွင်းထားတယ်ဆို ထို အခန်းဟာ အသံလုံ သင့်တယ်။ မျက်လုံး ပုံ လေး ထည့်ထားတယ်ဆို ဒီ အခန်းကတော့ အပြင် ရှုခင်း မြင်သင့်တယ်။ စက်ဝိုင်း ထဲကနေ မြှားလေးတွေ နဲ့ စဉ်းစားတယ်ဆို အပြင် သဘာဝ လေဝင်လေထွက် အလင်း အမှောင် ဝင် သင့်တယ်။ နောက် စက်ဝိုင်း တစ်ခုနဲ့ တစ်ခုကြား လိုင်း အမဲ အထူ ဆို ထို အခန်း (၂) ခန်း နေရာချရာမှာ အနီးဆုံး ဖြစ်သင့်တယ်။ လိုင်းကို အမဲ မခြယ်ဘူးဆို နေရာချရာမှာ အဆင်ပြေသင့်တယ် စသည်ဖြင့် သတ်မှတ်ထားမှုတွေတော့ ရှိကြပါတယ်။ Bubble Diagram မှတဆင့် Floor Plan အဖြစ်သို့စဉ်းစားလာ မိမှာပါ။ (ပုံလေးတွေ အဆင့်ဆင့် တစ်ပုံခြင်းစီ ကြည့်သွားပါ) ဒီလောက်ဆို Bubble Diagram တွေ အကြောင်း အတိုင်းအတာ တစ်ခုထိ နားလည် လောက်ပါပြီ။
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)
Comments
Post a Comment