မေး။ ။ ဆရာ Architecture Design တစ်ခုမှာ Concept ဆိုတာ ဘာလဲ။
ဖြေ ။ ။ အရှင်းလင်းဆုံး ရှင်းပြပါရစေ။ ဗိသုကာမှာ Concept ဆိုတဲ့ အသုံးကို ဆရာတော့ အစဦး သဘောတရား အမြင် လို့ အဓိပ္ပါယ် ဖွင့်ပါရစေ။ ဗိသုကာ ဒီဇိုင်း တစ်ခုလုံးကြီး ထွက်ပေါ်လာဖို့ အတွက် အယူအဆ တစ်ခုကို အခြေခံပြီး ဖန်တီးတာကို ဆိုလိုတာပါ။ ဒီနေရာမှာ ပုံသဏ္ဌာန် (Form) နဲ့ စကားရပ် ဝေါဟာရ (term) ဆိုပြီး (၂) မျိုး ရှိပါတယ်။
တချို့က Concept ယူရာမှာ ပုံသဏ္ဌာန် (Form) အပေါ် အခြေခံ Concept ယူပါတယ်။ ဥပမာ- Walt Disney က Mickey Mouse ကာတွန်း ဇာတ်ကောင်လေးကို အိမ်မှာ ပုံထိုင်ဆွဲနေစဉ် အတွင်း ရှေ့က ဖြတ်သွားတဲ့ ကြွက် ကလေး တစ်ကောင်ကို မြင်ပြီး စဉ်းစားမိလာတာပါ။ ကြွက်က Mickey Mouse ကာတွန်း ဇာတ်ကောင် ဖြစ်လာဖို့ Concept ပါပဲ။ တကယ့် ကြွက် တစ်ကောင် ပုံစံလို မဖန်တီးပဲ ချစ်စဖွယ် ကာတွန်း ဇာတ်ကောင်လေး အဖြစ် အသွင်ပြောင်း မွေးထုတ်ခဲ့တာပါ။ (ပုံ ၁ )
(ပုံ-၁)
တချို့ ဗိသုကာပညာရှင်တွေ ပန်းသီး အခွံ ခွါရင်း အခွံတွေကို ကြည့်ကာဗိသုကာ ဒီဇိုင်း စဉ်းစားမိလာတာတွေ ရှိပါတယ်။ အမေရိကန်နိုင်ငံ ရှိ John F. Kennedy လေဆိပ် ဆို သိမ်းဌက် ကို concept ယူထားတာပါ။ လေဆိပ် ဒီဇိုင်းဟာ သိမ်းဌက်ကြီး ပျံတက်တော့ မယ့် အတိုင်းပါပဲ။ (ပုံ ၂) ဒီနေရာမှာ တစ်ခု သတိထားရမှာကတော့ Concept ယူတဲ့ အရာအတိုင်း တစ်ပုံစံတည်း မဖန်တီးသင့်ပေ။ ဥပမာ- အက္ခရာ A ကို concept ယူတယ်ဆိုပါစို့။ A ပုံစံ ချွတ်စွပ် အဆောက်အဦ ဒီဇိုင်း ဖန်တီးမိရင်တော့ ငြီးငွေ့စရာ ဒီဇိုင်းတစ်ခု ဖြစ်လာမှာပါ။
(ပုံ- ၂)
တချို့က စကားရပ် ဝေါဟာရ (term) ကို Concept ယူကြပါတယ်။ ဥပမာ- Unity (ညီညွတ်ခြင်း) ဆိုတဲ့ စကားလုံးကို Concept ယူတယ်ဆိုပါစို့။ ကိုယ့်ရဲ့ ဒီဇိုင်း အတွင်း ဘယ်အရာတွေကို ထို စကားရပ်အတိုင်း ညီညွတ်မှု ရှိအောင် ဖန်တီးမှာလဲ။ ဥပမာ- အရောင် (Colour) ညီညွတ်မှုလား၊ ပုံသဏ္ဌာန် (Form) ညီညွတ်မှုလား စသည်ဖြင့်ပါ။ အဓိကကတော့ Concept စယူပြီဆို ဗိသုကာပညာရှင်မှာ ထို အရာ အပေါ် ခံစားရပါတယ်။ ခံစားပြီး မိမိ အတွင်း စိတ်ထဲက ထွက်လာတဲ့ ခံစားမှုကို ပုံသဏ္ဌာန် တစ်ခု အနေနဲ့ အကောင်အထည် ဖော်ပြတာပါပဲ။ ထိုအရာကို ကြည့်ရှုတဲ့သူမှာ မိမိ အတိုင်း ခံစားမိ လာတယ်ဆို အကောင်းဆုံးပါပဲ။ ဒီလောက်ဆို Concept ဆိုတာကို အတိုင်းအတာ တစ်ခု ထိ နားလည်ပြီလို့ ယူဆပါတယ်။
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)
Comments
Post a Comment