ပို့စ် မော်ဒန် ဗိသုကာ လက်ရာဟန် (Post-modern Architecture)

 မော်ဒန်ဗိသုကာ ကို ဦးဆောင်ခဲ့တဲ့ အဓိက ဗိသုကာပညာရှင်ကြီး (၂) ဦး ရှိပါတယ်။ လီကော်ဘူးစယေး နှင့် မီးစ်ဗန်ဒါရိုး တို့ပဲ ဖြစ်ပါတယ်။ လီကော်ဘူးစယေးက မော်ဒန် ဗိသုကာလက်ရာတစ်ခုလို့ သတ်မှတ်မယ်ဆို အချက် (၅) ချက်နဲ့ ညီသင့်ကြောင်း (ဒီဇိုင်း သီအိုရီ (၅) ချက်) ကို ချပြခဲ့ ပြီး လက်တွေ့ ဒီဇိုင်း ဆွဲပြခဲ့ပါတယ်။ မီးစ် ကတော့ မော်ဒန်ဗိသုကာလက်ရာတစ်ခုဆိုတာ နည်းလေ ကောင်းလေ (Less is More) ဆိုတဲ့ ဒဿန ကို ကြွေးကြော် ဒီဇိုင်းဆွဲပြခဲ့ပါတယ်။ မီးစ် ရဲ့ ဒဿနကို သတ္တိရှိရှိ ပြန်လည် တုံပြန် ချေပ ခဲ့သူ တစ်ဦးလည်း တခြားတဖက်မှာ ရှိနေပါတယ်။ ထိုသူကတော့ ဗိသုကာပညာရှင် ရောဘတ် ဗန်တူရီ ပါ။ သူက နည်းတာဟာ ပျင်းဖို့ ကောင်းတယ် (Less is Bore) ဟူ၍ တော်လှန်ရေး ကြွေးကြော်သံကို ဆိုခဲ့ကာ သွေးသစ်လောင်းမယ့် ဗိသုကာလက်ရာဟန် တစ်ခုဖြစ်တဲ့ ပို့စ်မော်ဒန် ဗိသုကာလက်ရာဟန်ကို စတင်ဖို့ ကြိုးစားလာကြပါတော့တယ်။

Postmodernism (သို့မဟုတ် 'pomo') ဟုလည်းလူသိများသော ပို့စ် မော်ဒန် ဗိသုကာလက်ရာဟန် သည် ၁၉၆၀ နှောင်းပိုင်းနှစ်များတွင် မော်ဒန် ဗိသုကာလက်ရာ ကို ဆန့်ကျင်ကာ တုန့်ပြန်မှုတစ်ခုအဖြစ်ပေါ်ထွက်လာသည့် ဗိသုကာပုံစံ ဖြစ်ပါတယ်။ ပို့စ် မော်ဒန် ဗိသုကာသည် လွတ်လပ်စွာ ဒီဇိုင်း တွေးခေါ်မှု ကိုအာရုံစိုက်ပြီး ပတ်၀န်းကျင် အပေါ် အယူအဆ ထည့်သွင်းစဉ်းစားသော အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်သည်။ ပို့စ် မော်ဒန် အဆောက်အဦ များသည် ခေတ်သစ်ပုံစံ နှင့်အညီ လုပ်ဆောင်ရန် ရည်ရွယ်ခဲ့ပြီး တီထွင်ဖန်တီးမှုကို အားပေးကာ ရိုးရှင်းမှု နှင့် စိတ်ကူးယဉ်ဆန်မှု တို့ကို ပေါင်းစပ်ကာ တင်းကျပ်သော ယခင် စည်းမျဉ်း ထုံးတမ်းစဉ်လာများမှ လွတ်မြောက်သွား ဖို့ရန် ရည်ရွယ်ပါတယ်။ အနုပညာ နှင့် လက်မှုပညာ (ပန်းပု)၊ ဂန္ထဝင်ဆန်မှု နှင့်အခြားသော ဗိသုကာဟန်များ နှင့် ဆောက်လုပ်ရေး ပစ္စည်း အမျိုးမျိုးကိုပေါင်းစပ်ခြင်းအားဖြင့် ခေတ်သစ်ဗိသုကာဟန် တစ်ခုကို ဂုဏ်ဖော် ဖန်တီးကာ ထူးခြားသောအမြင် အာရုံ ဆွဲဆောင်မှုရှိသော အဆောက်အဦများကိုသာ ဖန်တီးရန် မျှော်လင့်ခဲ့ကြပါတယ်။
 
 
 
မော်ဒန် ဗိသုကာလက်ရာဟန် ကို အဓိကဝေဖန်ခဲ့ကြတာတော့ မော်ဒန် ဗိသုကာလက်ရာဟန် အဆောက်အဦ များဟာ အနီးအနားရှိအဆောက်အဦများ ၏ ဒီဇိုင်း များနှင့် သဟဇာတ လိုက်ဖက်ညီ ပေါင်းစည်းဖို့ ခက်ခဲတယ် လို့ ဆိုပါတယ်။ နောက်ဆုံးတွင် ပို့စ် မော်ဒန်ဗိသုကာ လက်ရာဟန် သည် စတင်ပေါ်ပေါက်လာခဲ့ကာ အတိတ် ရွှေခေတ်က ရိုးရာဟန် ဗိသုကာလက်ရာ များကို ပြန်လည် အစ ဆွဲထုတ်ကာ အနာဂတ် ကိုဂုဏ်ပြုသော ဗိသုကာလက်ရာ တစ်ခု အဖြစ် ဖော်ပြခဲ့ပါတယ်။ အများပြည်သူများရဲ့ အမြင်များ လည်း ထိုသို့ ပြောင်းလဲ လာကာ ပို့စ်မော်ဒန် ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာမှုရဲ့ အကြောင်းရင်း တစ်ခုလို ဖြစ်လာခဲ့ပါတယ်။
 
မော်ဒန် ဗိသုကာလက်ရာများသည် တင်းကျပ်သော ဗိသုကာ စည်းမျဉ်း စည်းကမ်းများ၊ ညီညွတ်မှု နှင့် ဒေသခံတို့၏ ယဉ်ကျေးမှုဆိုင်ရာအခြေအနေများ ကို ဖော်ထုတ်ရာမှအားနည်းခြင်းတို့ကြောင့် ဝေဖန်မှုများ ပိုမိုများပြားလာခဲ့ပါတယ်။ လီကော်ဘူးစယေး (Le Corbusier) နှင့် မီးစ်ဗန်ဒါရိုး (Ludwig Mies van der Rohe) တို့၏ မော်ဒန် ဗိသုကာလက်ရာတွေ အပေါ် စတင် စိတ်ပျက်စ ပြုလာကြပါပြီ။ ပို့စ် မော်ဒန် ဗိသုကာ လက်ရာဟန် သည် တိကျသောစည်းမျဉ်းစည်းကမ်းများကို လိုက်နာသည့် စိတ်ကူးများ ကိုစွန့်လွှတ်ကာ အနုပညာရှင်များအား ဒီဇိုင်းများ တီထွင် ရာတွင် ဆန်းသစ်မှုနှင့်အနုစိတ်ဖန်တီးရန် ကိုသာ အားပေးခဲ့ပါတယ်။
 

၁၉၆၈ ခုနှစ်တွင် Ronan Point တာဝါပြိုကျခြင်း ဖြစ်စဉ်ဖြစ်ခဲ့ပြီး မော်ဒန် ဗိသုကာလက်ရာ ၏ အဆောက်အဦ တည်ဆောက်ပုံ နည်းလမ်းများနှင့် ဆောက်လုပ်ရေးပစ္စည်းများပျက်ကွက်ခြင်း တို့ကြောင့် မော်ဒန် ဗိသုကာ လက်ရာဟန်ကို ပိုမို ဆန့်ကျင်လာဖို့ ဖြစ်လာခဲ့ပါတယ်။  ၁၉၆၆ ခုနှစ် တွင်ဗိသုကာပညာရှင် ရောဘတ် ဗန်တူရီ (Robert Venturi) က သူ့ရဲ့ 'ခေတ်မီဆန်းပြားမှု နှင့် ဆန့်ကျင်မှု ' စာအုပ်ထဲမှာတော့ ပို့စ် မော်ဒန် ကို ထောက်ခံ ဆန္ဒပြု ရေးသား ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ ဗန်တူရီက ရှေးခေတ်ရောမမြို့များသည် တစ်သမတ်တည်းဟူ၍ မရှိခဲ့ကာအတိတ် သမိုင်းကြောင်းအလွှာများကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလေ့ရှိကြတယ်လို့ ဆိုပါတယ်။ အဆောက်အဦများ ဒီဇိုင်းရေးဆွဲရာတွင် ဆောက်လုပ်ရေး ပစ္စည်းများ နှင့် အဆောက်အဦနေရာချထားခြင်း ဟာ ဒေသခံတို့၏ လူနေမှု အခြေအနေနှင့် ဒေသခံ လူထု၏ အပြုအမူများကို လိုက်လျောညီထွေဖြစ်အောင်သာ ပြုလုပ်သင့်သည် ဟု သူကပြောဆိုခဲ့ပါတယ်။
 

 
လက်တွေ့တွင်လည်း ပို့စ်မော်ဒန်ဗိသုကာဟန် သည် မော်ဒန် ဗိသုကာလက်ရာ ၏ တင်းကျပ်သော ထုံးတမ်းစဉ်လာ ဗိသုကာဟန် များမှဝေးကွာသွားပြီး ပုံသဏ္ဌာန်၊ အရောင်၊ ဒီဇိုင်း ဖွဲ့စည်းတည်ဆောက်မှု ပုံစံများမှာ ဂန္ထဝင်ဗိသုကာ မှသည် ခေတ်သစ်ဗိသုကာ ဒီဇိုင်းများ အထိ အသုံးချပါတယ်။ ပို့စ် မော်ဒန် ဗိသုကာဒီဇိုင်းသည် အလွန် အလှဆင်မှု များခြင်း၊ ဒီဇိုင်း တီထွင် ဆော့ကစားခြင်း နှင့် အပေါစား အနုပညာလက်ရာအလှအပ သွင်ပြင် လက္ခဏာရှိပါတယ်။အသုံးပြုမှု (function) ထက် ပုံသဏ္ဌာန် (form) အပေါ် ဦးစားပေး ဒီဇိုင်းထုတ်လေ့ ရှိပါတယ်။ ဗိသုကာမဟုတ်သော ပုံစံများ အပေါ်အခြေခံကာ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ကို ဦးစားပေး ဒီဇိုင်း ဖန်တီးလေ့ ရှိပါတယ်။ ထင်ရှားသော အဆောက်အဦ မှာ နယူးဒေလီမြို့ ရှိ ကြာပွင့်ပုံ ဘုရားကျောင်း (Lotus temple) ဖြစ်ပါတယ်။
 
ပို့စ်မော်ဒန် ဗိသုကာပညာရှင်များသည်ဒီဇိုင်းများကို ပုံစံအမျိုးမျိုးဖြင့်ပေါင်းစပ်ရန်ကြိုးပမ်းခဲ့ပြီး တားဆီး ပိတ်ပင်ထားတဲ့ ဗိသုကာထုံးတမ်းစဉ်လာများ နှင့် နယ်နိမိတ်များကို ဖြိုခွဲခဲ့ပါတယ်။ ထို့ကြောင့် ပို့စ်မော်ဒန် ၏ ဆန်းသစ် ရွှင်လန်းသော ဗိသုကာလက်ရာ များသည် အသစ်များ ဆီသို့သာ ဖူးပွင့်ဝေဆာလျက် ရှိပါတယ်။ သို့ရာတွင် ဝေဖန်မှုများလည်း ခံခဲ့ရပါတယ်။ လူအများစုက ရုပ်ပိုင်းဆိုင်ရာအပေါ်ယံ အလှခြယ်သမှု ဟု ဆိုခဲ့ကြကာ ဖရက်ဒရစ်ဂျိမ်းဆန်က 'နှောင်းပိုင်း အရင်းရှင်ဝါဒ၏ ယဉ်ကျေးမှု ဆိုင်ရာယုတ္တိဗေဒ' တစ်ခုလို့ တံဆိပ်ကပ်ခဲ့ပါတယ်။ ဒူဘိုင်း ၏ ကြီးမားသောမြို့ပြတိုးချဲ့မှု ကိုလည်းသူက 'ကမ္ဘာပေါ်ရှိ ခေတ်လွန်မြို့တော်' ဟု ဆိုခဲ့ပါတယ်။
 
 
ပို့စ် မော်ဒန် ဗိသုကာဟန် သည် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များအတွင်းကြီးထွားလာခဲ့ပြီး လှုပ်ရှားမှု၏ ဦးဆောင်သူ ဗိသုကာပညာရှင်များ အဖြစ် Philip Johnson, Charles Moore, Frank Gehry, Michael Graves, Terry Farrell နှင့် James Stirling တို့ ပါဝင်ခဲ့ကြပါတော့တယ်။
 
ထင်ရှားသော postmodern အဆောက်အဦ များမှာ-
 
Guggenheim Museum Bilbao in Spain
National City Tower in Louisville, KY
Hotel Dolphin in Disney World.
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ

Comments

Popular Posts