မေး ။ ။ ဆရာ တက္ကသိုလ်က ကျောင်းပြီးရင် ဒီပညာရပ် အပေါ် တကယ် တက်သွားရောလား။

 

ဖြေ။ ။ တချို့ တွေက ပြောကြတယ်။ တကယ် မတက်ဘူး။ ဘာမှ မသိဘူး။ အမှန် အခုလို ပြောရချင်း အကြောင်း (၂) ချက် ရှိတယ်။ ပထမအချက်က လစာငွေ နှိမ် ချင်လို့။ ဒုတိယအချက်က သူ့ကိုယ်တိုင်သည်ပင် Academic နဲ့ Professional ကို ခွဲခြား မမြင်တက်တာပါပဲ။ ပြောလည်း မပြောသင့်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ် တက္ကသိုလ် မဆို ကျောင်းပြီးတာနဲ့ လုပ်ငန်းခွင်မှာ အလုံးစုံ သိပြီး တက်သွားတယ်ဆိုတာ မရှိပါဘူး။ ဥပမာအနေနဲ့ ကားမောင်း သင်တဲ့ အခါ ကားမောင်းဝန်း အတွင်းမှာ မောင်းတဲ့ အတွေ့အကြုံ နဲ့ လမ်းမပေါ် တက်ပြီး မောင်းတဲ့ အတွေ့အကြုံ နဲ့ မတူပါဘူး။ လမ်းမပေါ်က အတွေ့အကြုံကို ကားမောင်းဝန်း ထဲ သင်ပြ ပေးဖို့ ခက်ခဲမယ်။ သို့သော် အဲ့မှာ မောင်းတက်မှသာ လမ်းမပေါ်မှာ ချောချောချုချု မောင်းနိုင်မယ်။ လမ်းမပေါ် မောင်းနေရင်း အတွေ့အကြုံက စကားပြောလာမယ်။ နောက် ကျွမ်းကျင်လာမယ်ပေါ့။

Professional ခရီးဟာ လက်တွေ့ ခရီးပါ။ ကျနော် တစ်ဦးတည်း အမြင်မှာတော့ လူတော်တော်များများရဲ့ အသိ ဟာ အတွေ့အကြုံ အဓိက ဝါဒ ( empericism) လို့ ဆိုရမလား ပါပဲ။ အတွေ့အကြုံ ပေါ်မှာ မူတည်ပြီးမှသာ တဖြည်းဖြည်း ကျွမ်းကျင်မှု ရှိလာမှာပါ။ ဒါကြောင့် ကျောင်းသား/သူများ အနေနဲ့ ဘာမှ မတက်ဘူးလို့ အပြော ခံရတိုင်း စိတ်ဓာတ် မကျပါနဲ့။ အသုံးမဝင် တော့ဘူးလို့လည်း မထင်ပါနဲ့။အတွေ့အကြုံကနေ တဆင့် တက် မြောက်သူ အဖြစ် ပြောင်းသွားမှာပါ။ အဲ့လို ပြောင်းလဲနိုင်ဖို့ တက္ကသိုလ် ပညာရေးဟာ အုတ်မြစ် အနေနဲ့ ရှိနေမှာပါပဲ။
 
စာကြွင်း
 
မြန်မာနိုင်ငံရဲ့ ပညာရေး အားနည်းတာ လက်ခံပါတယ်။ လက်တွေ့ လိုအပ်ချက် ရှိတာလည်း ဟုတ်ပါတယ်။ ဆရာ/ဆရာမ အင်အား နည်းပါးနေမှု နဲ့ Learning material မပြည့်စုံတာတွေလည်း ရှိပါတယ်။ ဒါက ဗဟို ချုပ်ကိုင်မှု စနစ်ကြောင့်လည်း ခရီးမတွင်သာ ပါ ပါတယ်။ နောက်တော့ ဖြစ်လာမှာပါ။ ဖြစ်ဖို့လည်း လမ်းစ စ နေပါပြီ။
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts