Maximalism (မက်ဇီမက်လဇင်) နှင့် Minimalism (မီနီမက်လဇင်)

 ဗိသုကာလက်ရာတစ်ခုလို့ ဆိုတဲ့အခါ လူတွေရဲ့ ကြိုက်နှစ်သက်ပုံတွေက မတူကြပါဘူး။ နောက် အတွေးအခေါ် အယူအဆ (Ideology) တွေကလည်း ခေတ်အလိုက် ခံယူပုံတွေ မတူကြပါဘူး။ အရင်ခေတ်ကာလတွေမှာ အထူးသဖြင့် အထက်တန်းစားလူတွေက မိမိ နေအိမ်နဲ့ ပတ်သက်လို့ ဗိသုကာ လက်ရာ တစ်ခုဆိုတာ နေထိုင်နေတဲ့သူတွေရဲ့ ဂုဏ်သိက္ခာတရားကို ဆောင်ယူတယ် လို့ ယူဆပါတယ်။ ထို့အတွက် ဗိသုကာလက်ရာ တစ်ခုဟာ ကြီးကျယ်ရမယ်၊ ခမ်းနားရမယ်၊ အိမ်ထောင်ပရိဘောဂ က အစ၊အစစအရာရာ အသေးစိတ် အပြောက်အမွှမ်းများစွာဖြင့် ဖန်တီးရမယ်လို့ ယူဆပါတယ်။ ဒါကို မက်ဇီမက်လဇင် (Maximalism) သဘောတရားလို့ ခေါ်ပါတယ်။ ယခုခေတ် ၂၁ ရာစုမှာလည်း ထို အယူအဆအတိုင်း ကြိုက်နှစ်သက် သူများလည်း ရှိကြပါတယ်။

 

နောက်ပိုင်း မော်ဒန် ခေတ်ဦး ဗိသုကာလှုပ်ရှားမှု နှင့်အတူ လူထုရဲ့ အတွေးအမြင်တွေဟာ တမျိုးပြောင်း လာခဲ့ပါတယ်။ မော်ဒန် ဗိသုကာဆရာကြီး မီးဗန်ဒါရိုး (Mie Van Der Roth) က ဗိသုကာလက်ရာတစ်ခုဆိုတာ အပြောက်အမွှမ်း နည်းလေ ကောင်းလေ (Less is More) ဆိုတဲ့ သဘောတရားကို ကမ္ဘာကို သတင်းစကား ပေးလိုက်တာကြောင့်လည်း ပါဝင်ပါတယ်။ ဒီသဘောတရားက ကမ္ဘာပေါ်ရှိ ဗိသုကာပညာရှင် များ နှင့် လူထုရဲ့ စိတ်ကို လှုပ်ခါသွားစေတာတော့ အမှန်။ ထိုအတွက်ကြောင့် နောက်ပိုင်း အိမ်ဆောက်လုပ်သူ တွေက ခေတ်ကာလ ကုန်ကျစရိတ် ကာမိယုံသာမက ရိုးရိုးလေးနဲ့ ဆန်းသစ်နေတဲ့ ဒီဇိုင်းမျိုးကိုသာ ကြိုက်နှစ်သက်မှု များလာခဲ့ပါတယ်။ ရှင်းရှင်းလင်းလင်း အိမ်ဖွဲ့စည်းပုံ၊ အရောင် (colour)၊ ဗြက် (texture) နှင့် ရိုးရှင်းတဲ့ ပရိဘောဂပုံစံ၊ ရိုးရှင်းစွာ ဆန်းသစ်မှု စသည့်ဖြင့် လက္ခဏာရပ်အားလုံးဟာ မီနီမက်လဇင် (Minimalism) ဆိုတဲ့ စကားလုံးတစ်ရပ်ကို မွေးဖွားပေးလိုက်ပါတော့တယ်။

 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts