မေး ။ ။ ဆရာ Mood Board အကြောင်း ရှင်းပြပေးပါ။

 

ဖြေ။ ။ Mood Board အကြောင်း မပြောခင် ဗိသုကာ ပညာရှင်/ ဒီဇိုင်နာ ဟာ ခံစားတက်ဖို့ လိုအပ်ကြောင်းလေး အရင် ရှင်းပြပါရစေ။ နိုင်ငံခြား အိမ်ဒီဇိုင်း ဆွဲတဲ့ အစီအစဉ် တစ်ခု ဆရာ ကြည့်ဖူးတယ်။ Myanmar Idol အစီအစဉ်လိုပဲ။ အမေရိကန် နိုင်ငံ တဝန်းက ဒီဇိုင်နာ တွေကို ဖိတ်ခေါ်ပြီး ပြိုင်ပွဲ လုပ်တာပါ။ အိမ်တွင်း အလှဆင် ဗိသုကာ (Interior Design) ကို ပြိုင်ပွဲဝင်တွေက အဓိက ဒီဇိုင်းဆွဲ ပြိုင်ရတာပါ။ အလှဆင်ဖို့ နဲ့ ပရိဘောဂ ဝယ်ဖို့ ငွေကြေးကိုလည်း ပြိုင်ပွဲကြီးကြပ်ရေးက အကန့်အသတ် တစ်ခုနဲ့ ထုတ်ပေးပါတယ်။ ပထမဆုံးရက်ပြိုင်ပွဲ မှာကို ဇာတ်လမ်းက စ တာပဲ။ အလုပ်ရှင် (Client) နဲ့ ပြိုင်ပွဲ ဝင်တွေကို ပေး မတွေ့ဘူး။ စားပွဲ တစ်ခု အပေါ်မှာ အလုပ်ရှင် (Client) ရဲ့ အသုံးအဆောင် ပစ္စည်းတွေပဲ ချထားပြီး အဲ့ဒါကို ကြည့်ကာ အလုပ်ရှင် (Client) ကြိုက်မယ့် ဒီဇိုင်းကို ဆွဲပေးရတယ်။ လူချင်းလည်း တွေ့ပြီး စကား မပြောရ။ တယ်ခက်ပါလား။ ဒါဆိုရင် ဘယ်လို လုပ်နိုင်မလဲ။စားပွဲ ပေါ်က အလုပ်ရှင် (Client) ရဲ့ ပစ္စည်းဟာ ဘယ်လို ပစ္စည်းမျိုးလည်း စ ကြည့်ရမှာပေါ့။ ဥပမာ- Rolex နာရီ၊ မာစီဒီး ကားသော့ စသည့်ဖြင့် ပစ္စည်း အပေါ် အကဲခတ်ပြီး သူက ဘယ်လို လူမျိုး၊ ဘာကြိုက်တက်လဲ ခံစား ခန့်မှန်းနိုင်ပါတယ်။
 
အခုမှ Mood Board ဇာတ်လမ်း စ ပါပြီ။ Mood Board ကို Interior Designer နဲ့ Fashion Designer တွေ အဓိက အသုံးပြုပါတယ်။ တင်ပြမှု (Presentation) တစ်ခုပါပဲ။ ကိုယ် ဖန်တီးတဲ့ ဒီဇိုင်းတစ်ခုလုံးကို ကာမိအောင် ဘုတ်ပြား တစ်ချပ်ပေါ်မှာ အဓိက ပါဝင်တဲ့ အရာတွေကို စုစည်း ပြသထားခြင်း တစ်မျိုးပါပဲ။ ဆရာဆို Mood Board အကြောင်း ရှင်းပြပြီးရင် Mood Board တစ်ခုကို ကျောင်းသား/သူတွေကို ကြည့်ခိုင်းပြီး (၂) မိနစ်လောက် စဉ်းစား ခံစားခိုင်းတယ်။ Mood Board ထဲမှာ ပါတဲ့ ပစ္စည်းတွေကို ကြည့်ပြီး ဆက်စပ်လိုက် ပြီးရင် စိတ်ကူးထဲ ဘယ်လို အခန်း အလှဆင်မှု ပုံစံ ထွက်လာသလဲ ပြောခိုင်းပါတယ်။ 
 
 
 
ပုံ (၁)
 
ပုံ (၁) ကို ကြည့်ရင် ရှင်းမှာပါ။ ပစ္စည်းလေးတွေ နဲ့ ထို အရာတွေ ကြောင့် ထွက်လာတဲ့ အိမ်တွင်း အခန်း ဒီဇိုင်း ပုံလေးပါ ပြသထားပါတယ်။ ခံစားတက်မှုက ဗိသုကာမှာ အရမ်း အရေးကြီးတယ်နော်။ ဆရာ ကျောင်းသား/သူ တွေကို နောက်လေ့ ရှိတာကတော့အတင်းအကျပ်တော့ မခံစားခိုင်းပါဘူးကွာ။ ဘာမှ မခံစားရရင်လည်း ဘာမှ မခံစားရဘူးပေါ့။ အနုပညာဆိုတာ သတ်မှတ်ထားတဲ့ ပုံသေ စံ မှ မရှိတာ။ သူတို့ လှ တယ်ဆိုတဲ့ အရာလည်း ဆရာ့ အမြင်ထဲ လှ ချင်မှ လှမှာပဲလေ။
 
 
ချစ်ခြင်းများစွာဖြင့်
ဇော်ကိုကို (ဗိသုကာ)

Comments

Popular Posts